စစ်အေးခေတ် ပြီးဆုံးချိန်ကစပြီး အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြားမှာ အကြီးဆုံး သူလျှိုလဲလှယ်မှုကြီးဟာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက အမေရိကန်နိုင်ငံမှာ ဖမ်းဆီးမိခဲ့တဲ့ ရုရှားသူလျှို ၁၀ ယောက်နဲ့ ရုရှားနိုင်ငံမှာ အကျဉ်းချထားတဲ့ အမေရိကန်သူလျှို ၄ ယောက်ကို အလဲအလှယ် လုပ်ခဲ့တာပါ။
သူလျှိုလဲလှယ်မှုကို ဗီယင်နာနိုင်ငံ နိုင်ငံတကာလေဆိပ်က လူသူအလှမ်းဝေးတဲ့ အပိုင်းမှာ သောကြာနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး နယူးယောက်ကလာတဲ့ လေယာဉ်ပျံတစင်းနဲ့ မော်စကိုကလာတဲ့ လေယာဉ်တစင်းဟာ သြစတြီးယား နိုင်ငံမြို့တော်ကို ဆိုက်ကပ်ခဲ့ပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ ဘေးချင်း ယှဉ်ရပ်ထားတဲ့ လေယာဉ်ပျံ နှစ်စင်းအပေါ်မှာ ပါလာသူ ၁၄ ဦးကို လဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ အရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီးဌာနရဲ့ လေယာဉ်ပျံဟာ မော်စကိုမြို့က ဒိုမိုဒီဒိုဗို လေဆိပ်မှာ ရုရှား သူလျှို ၁၀ ဦးနဲ့အတူ ဆင်းသက်ခဲ့ပါတယ်။ အမေရိကန်လေယာဉ်ကတော့ ဝါရှင်တန်ဒီစီက ဒဲလက်စ် နိုင်ငံတကာလေဆိပ်ကို မဆိုက်ရောက်မီ ဗြိတိန်နိုင်ငံက ဘရိစ်နော်တန် လေတပ်အခြေစိုက်စခန်းမှာ ခေတ္တရပ်နားပြီး ၄ ဦးထဲက ၂ ဦးကို ချထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ဖမ်းဆီးမိခဲ့တဲ့ ရုရှားသူလျှို ၁၀ ဦးက သူတို့မှာ အပြစ်ရှိကြောင်း ကြာသပတေးနေ့မှာ ဝန်ခံခဲ့ပါတယ်။ နောက်တဦးကိုတော့ ဆိုက်ပရက်စ် နိုင်ငံမှာ ဖမ်းမိခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ဒီရုရှားသူလျှိုတွေကို ဖမ်းမမိခင်ကတည်းက ဇူလိုင်လ ၁၁ ရက်လောက်မှာ အိုဘားမား အစိုးရက သူလျှိုလဲလှယ်နိုင်မယ့် နည်းလမ်းတွေကို စတင်စဉ်းစားခဲ့တယ်လို့ အမေရိကန် အရာရှိတွေက သောကြာနေ့မှာ ပြောပါတယ်။