သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယား ဆိုင်ရာ ဆုံးဖြတ်ချက် ရုရှားဗီတိုသုံး ပယ်ချ


ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Yuriy Sergeyev.
ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး Yuriy Sergeyev.
ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသမှာ တနင်္ဂနွေနေ့ကျရင်လုပ်မယ့် လူထုဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို ရုရှားနိုင်ငံက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။

စနေနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တာ ရုရှားတစ်နိုင်ငံထဲဖြစ်ပြီး တရုတ်က မဲမပေးဘဲနေခဲ့ပါတယ်။ တခြားအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

တနင်္ဂနွေလုပ်မယ့် ခရိုင်းမီးယား ဆန္ဒခံယူပွဲဟာ တရားဝင်မှုမရှိဘူးလို့ ဒီဆုံးဖြတ်ချက်ကနေ ကြေညာခြင်းအားဖြင့် ယူကရိန်း ပိုင်နက်နယ်မြေ ခိုင်မာမှုကို အတည်ပြုပေးမှာဖြစ်ပါတယ်။

တရုတ်က မဲမပေးဘဲနေခဲ့တာကြောင့် ခရိုင်းမီးယားလူထုဆန္ဒခံယူပွဲကို ထောက်ခံတာ ရုရှားတစ်နိုင်ငံထဲပဲ ဖြစ်သွားပါပြီ။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ရုရှားက ကျူးကျော်တာဟာ ကြီးမားတဲ့ အကျိုးဆက်တွေကိုဖြစ်စေပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်ကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ပြောလိုက်ပါတယ်။

ယူကရိန်း ယာယီအစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ အတိုက်အခံတွေနဲ့တွေ့ဆုံဖို့ အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ရောက်နေပြီး မစ္စတာမက်ကိန်းက ကိယက်ဗ်မြို့တော်ကနေ ပြောခဲ့တာဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေ ယူကရိန်းအရှေ့ပိုင်းနယ်စပ်နားထိကပ်ပြီး စစ်ရေးလေ့ကျင့်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် သူ အထူးပဲ စိုးရိမ် မိတယ်လို့ ဂျွန် မက်ကိန်းက ပြောပါတယ်။
XS
SM
MD
LG