သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားဓာတုတိုက်ခိုက်မှု ရုရှားနဲ့ အနောက်အုပ်စု သဘောထားကွဲပြား

  • ဗွီအိုအေ (မြန်မာဌာန)

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ညာ) နဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius (ဘယ်) မော်စကိုမှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ရစဉ်။ (၁၇ စက်တင်ဘာလ ၂၀၁၃)
ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတဲ့အပေါ် ရုရှားနိုင်ငံနဲ့ အနောက်အင်အားကြီး နိုင်ငံတွေအကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်တွေ ဖယ်ရှားဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တရပ် ချမှတ်ရေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကတော့ ညှိနှိုင်းဆောင်ရွက်နေကြဆဲ ရှိပါတယ်။ ဓာတုလက်နက် တိုက်ခိုက်မှုကိစ္စမှာ ဆီးရီးယားသူပုန်တွေဘက်က ပြည်ပက စစ်ရေးအကူအညီကို ရနိုင်ဖို့ တမင်တကာ ဖန်တီးလုပ်ဆောင်တာဆိုပြီး ရုရှားနိုင်ငံဘက်က စွပ်စွဲပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေဆီကရတဲ့ အထောက်အထားတွေ အရဆိုရင်တော့ ဒီတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရတပ်က ပတ်သက်မှု ရှိတယ်ဆိုတာ ငြင်းလို့ မရဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius ကတော့ ရုရှားနိုင်ငံ မော်စကိုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ လုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးရဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ ဆီးရီးယား ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ တူညီတဲ့ ရည်မှန်းချက်ရှိကြပေမဲ့လို့ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ စဉ်းစားချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဆီးရီးယားနိုင်ငံက ကုလသမဂ္ဂ တောင်းဆိုဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုရင် စစ်ရေးအရ အင်အားသုံးမယ်ဆိုတဲ့ ခြိမ်းခြောက်ထားတဲ့ စာပိုဒ်ကို ထည့်သွင်းဖို့ ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က တွန်းအားပေးနေတာကို ရုရှားဘက်က ငြင်းဆန်ထားပါတယ်။

ဆီးရီးယားအနေနဲ့ သူ့ရဲ့ဓာတုလက်နက်တွေကို အပ်ဖို့ သတ်မှတ်ချက်တွေကို အတိအကျနဲ့ မဖြစ်မနေ လိုက်နာရမယ့် အခြေအနေမျိုး ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တရပ် ချရေး လိုလားတယ်လို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက မနေ့က ပြောခဲ့ပါတယ်။

တနေ့က ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ဒမတ်စ်ကဒ်မြို့အနီး ပြီးခဲ့တဲ့လတုန်းက တိုက်ခိုက်မှုအတွင်း လူသေစေတဲ့ Sarin ဓာတ်ငွေ့ကို အသုံးပြုမှု အတော်များများ တွေ့ရတယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG