ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အကြမ်းဖက်သမားတွေ ခြေကုပ်ယူထားရာနေရာတွေနဲ့ အခြား ပစ်မှတ်တွေကို စနေနေ့က စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရုရှားဘက်က ပြောပါတယ်။ အခုလို လေကြောင်း တိုက်ခိုက်မှုတွေဟာ အနောက်နိုင်ငံတွေက ထောက်ပံ့ ပေးထားတဲ့ သူပုန်အဖွဲ့တွေကို အဓိကပစ်မှတ်ထားပြီး ဗုံးကြဲနေတာဖြစ်တယ်လို့ အနောက်နိုင်ငံတွေက အခိုင်အမာပြောနေပေမယ့်လည်း ရုရှားနိုင်ငံက IS အစွန်းရောက်အဖွဲ့တွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်ချုပ်ကြီး Andrei Kartapolov က စနေနေ့က ရုရှား သတင်းထောက် တွေကို ပြောကြားခဲ့ရာမှာ အရာရှိအဆင့် IS အဖွဲ့ဝင်တွေဟာ ကြောက်လန့်ထွက်ပြေးကုန်ကြပြီး ကြေးစားစစ်သား ၆ဝဝ လောက်လည်း ဆီးရီးယားမြောက်ပိုင်း ရာကွာမြို့ကနေ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
ကျနော်တို့က လေကြောင်းကဆက်တိုက်နေရုံသာမက ပိုပြီးတော့လည်း အပြင်းအထန် တိုက်ခိုက်သွားမှာပါ- လို့ ဒုဗိုလ်ချုပ် Kartapolov ကရုရှားသတင်းအေဂျင်စီ RIA ကို ပြောပါတယ်။
ရက်ပိုင်းလောက်ပဲရှိသေးတဲ့ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ရန်သူပတ်လည်ဝိုင်းနေတဲ့ဆီးရီးယားသမ္မတ ဘာရှာ အယ်အာ ဆတ်ကို အကာအကွယ်ပေးတဲ့ ထိုးစစ်ဆင်မှုသာဖြစ်တယ်လို့ပြောပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ရုရှားလေကြောင်း တိုက်ခိုက်မှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းကသာ IS အစွန်းရောက်အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး ရုရှား လေယာဉ်တွေ ကြဲချခဲ့တဲ့ ဗုံးအများစုဟာ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ အာဆက်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ သူပုန် အဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။