မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ကို ရုရှားနိုင်ငံက ရုတ်တရက် ဝင်တိုက်နိုင်တယ်လို့ စဉ်းစားတဲ့သူဟာ ရူးကြောင်ကြောင်လူတယောက်ပဲ ဖြစ်လိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အီတလီသတင်းစာတစောင်နဲ့ မကြာသေးခင်က မေးမြန်းခန်းတခုမှာ ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံနဲ့ ပဋိပက္ခဖြစ်နေတာကို ကာကွယ်ပြောဆိုရာမှာလည်း ရုရှားနိုင်ငံက လုပ်ခဲ့သမျှအားလုံးဟာ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန် ဆောင်ရွက်တာသာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။
တနင်္ဂနွေနေ့ကျရင် စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ ဂျာမနီနိုင်ငံမှာ ထိပ်သီးညီလာခံ ကျင်းပတဲ့အခါမှာတော့ ရုရှားနိုင်ငံက ယူကရိန်းနဲ့ ပြဿနာ ဖြစ်နေတာတွေကို ဆွေးနွေးကြဖို့ရှိသလို ပဋိပက္ခတွေ ကြီးထွားလာမယ်ဆိုရင်လည်း ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေ ပိုပြီးပြင်းပြင်းထန်ထန် ချမှတ်ဖို့ ဆွေးနွေးစဉ်းစားကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။