သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရဲ့ ဆီးရီးယားမှာ တိုက်ခိုက်မှု ကန် စိုးရိမ်


 အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest သတင်းသမားတွေနဲ့တွေ့ဆုံစဉ်။ (အောက်တိုဘာ ၁၊ ၂၀၁၅)
အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest သတင်းသမားတွေနဲ့တွေ့ဆုံစဉ်။ (အောက်တိုဘာ ၁၊ ၂၀၁၅)

ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရင်း ရုရှားနိုင်ငံဟာ ကိုယ့်ကိုယ်ကို ပိုပြီး အထီးကျန်အောင် လုပ်နေသလို၊ အန္တရာယ်တွင်းထဲ ဆင်းနေတယ်လို့ အိမ်ဖြူတော်က ဝေဖန်လိုက်ပါတယ်။

ဘယ်သူဘယ်ဝါ မခွဲခြားပဲ ဆီးရီးယားအတိုက်အခံတွေကိုပါ စစ်ဆင်နေတာတွေဟာ ရုရှားအတွက် အန္တရယ်များတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း” အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျို့စ် အန်းနတ်စ် က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ရုရှားရဲ့ ဝင်ရောက် စွက်ဖက်မှုကြောင့် ဆီးရီးယားမှာ ဂိုဏ်းဂဏ ကွဲပြားမှုကို အခြေခံဖြစ်နေတဲ့ ပဋိပက္ခကို ပိုကြာစေနိုင်သလို၊ အချိန်ကာလ အကန့်အသတ် မရှိ ဖြစ်သွားနိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ရုရှားအနေနဲ့ ပဋိပက္ခမှာ ပိုပြီးနက်နက်ရှိုင်းရှိုင်း ပတ်သက်နေတာဟာလည်း အန္တရာယ်ရှိပြီး - ဆီးရီးယားပြဿနာဟာ စစ်ရေးနဲ့ အဖြေမထွက်ဘူးဆိုတာကိုလည်း ရုရှားကိုယ်တိုင်က လက်ခံပြောကြားထားပြီးသား ဖြစ်တယ်လို့လည်း ထောက်ပြခဲ့တာပါ။

ရုရှားနိုင်ငံက မြင်မြင်သမျှ လေကြောင်းနဲ့ စစ်ဆင်တာဟာ အလယ်အလတ်သဘောထားရှိတဲ့ ဆီးရီးယား အတိုက်အခံတွေကို အစွန်းရောက်အောင် တွန်းပို့ရာကြသလို၊ နောက်ဆုံးမှာ အစွန်းရောက်ဝါဒတွေ ရုရှားကိုပဲ ပျံ့နှံ့နိုင်တယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရက သတိပေးခဲ့ပါတယ်။

ဆီးရီးယားမှာ ရုရှားရဲ့ လုပ်ရပ်ကြောင့် အမေရိကန် ပြည်ထောင်စုမှာ မူဝါဒတွေကို ပြန်လည်သုံးသပ်မှာတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဆီးရီးယားမှာ ၂ နိုင်ငံစလုံးက လေကြောင်းထိုးစစ်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ မကြာခင်ရက်ပိုင်းတွေအတွင်း နောက်ထပ် တယ်လီဖုန်းနဲ့ ဆွေးနွေးကြဦးမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG