သုံးရလွယ်ကူစေသည့် Link များ

ရုရှား တိုက်ခိုက်မှု ဆီးရီးယား အရေး ဖြေရှင်းမှုကို ထိခိုက်


ဆီးရီးယားနိုင်ငံတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု။
ဆီးရီးယားနိုင်ငံတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု။

ဆီးရီးယားနိုင်ငံတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆီးရီးယား ပဋိပက္ခကို စစ်ရေး မဟုတ်တဲ့နည်းနဲ့ ဖြေရှင်းဖို့ အားထုတ်မှုကို ယုတ်လျော့စေ တယ်လို့ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO အကြီးအကဲ Jen Stoltenberg က ပြောဆိုပါတယ်။ ဥရောပ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ အမ်စတာဒမ် မြို့တော်ကို ဒီကနေ့ သောကြာနေ့မှာ ရောက်ရှိ လာတဲ့ နေတိုး အကြီးအကဲက အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အတိုက်အခံတွေ အဖွဲ့အစည်းတွေ ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပြီး တင်းမာမှုတွေကို လည်း တိုးပွားစေသလို NATO ရဲ့ လေပိုင်နက်နဲ့ တူရကီ လေပိုင်နက်ကိုလည်း ချိုးဖောက်မှုတွေ ရှိနေတယ်လို့ နေတိုး အဖွဲ့ အကြီးအကဲက ပြောဆိုပါတယ်။

နောက်ထပ် ဖြစ်ထွန်းမှုကတော့ ရုရှား စစ်လေယာဉ်တွေရဲ့ အထောက်အပံ့နဲ့ ဆီးရီးယား အစိုးရတပ်တွေက Deraa မြို့အနီးက သူပုန်တွေ ထိန်းချုပ်ရာမြို့ ကို ပြန်လည်သိမ်းယူခဲ့တယ်လို့ Hezbollah အဖွဲ့ရဲ့ Al Manar ရုပ်မြင်သံကြားနဲ့ ဆီးရီးယား အရေး စောင့်ကြည့်ရေး အဖွဲ့တို့က ဒီကနေ့ သောကြာနေ့ မှာ ပြောဆို ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ ဦးဆောင်တဲ့ အလှုရှင် နိုင်ငံများ ညီလာခံ က ဆီးရီးယား နိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ အဖြစ် ဒေါ်လာ ၁၀ ဘီလီယံ ပေးဖို့ ကတိပြုခဲ့ကြ အပြီးနောက်တနေ့မှာ အခု သတင်း ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG