သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်မြုပ် ရုရှားသင်္ဘောက မြန်မာ သင်္ဘောသားများ လျော်ကြေးရဖို့ ကြိုးစားဆဲ


နှစ်မြုပ် ရုရှားသင်္ဘောက အသက်ရှင်ကျန်ရစ်တဲ့ မြန်မာ သင်္ဘောသားများ။
နှစ်မြုပ် ရုရှားသင်္ဘောက အသက်ရှင်ကျန်ရစ်တဲ့ မြန်မာ သင်္ဘောသားများ။

ရုရှား ကမ်းလွန် ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်း သင်္ဘောမှာ သေဆုံးခဲ့ကြရ သူတွေနဲ့ လိုက်ပါခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် လျော်ကြေး ရရှိရေးကို တာဝန်ယူ ပို့ဆောင်ခဲ့တဲ့ မြန်မာ ကုမ္ပဏီတွေ ကြိုးစားဆောင်ရွက်နေကြပေမယ့် အခုချိန်ထိ လျော်ကြေး မရသေးပါဘူး။ သေဆုံး သဘောၤသားတဦးအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ သဘောတူထားတဲ့ လျော်ကြေး ရရှိဖို့ အတွက်ကိုလည်း အစိုးရဘက်က ကြပ်မတ်ဆောင်ရွက်နေပါတယ်။ သေဆုံးသဘောၤသားတွေနဲ့ အသက်ရှင်ကျန်ရစ်တဲ့ သဘောၤသားတွေ လျော်ကြေးရရေး အခြေအနေ အသေးစိတ်ကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

ဧပြီလ အစောပိုင်းတုန်းက ရုရှားငါးဖမ်းသဘောၤ Dalniy Vostok ရုရှားကမ်းလွန် ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာမှာ သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး၊ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေဆဲ ၄ ဦးနဲ့ အသက်ရှင် ကျန်ရစ်သူ ၂၂ ဦးတို့ အတွက် အခုချိန်မှာ လျော်ကြေးငွေ မရသေးပါဘူး။ ရုရှားဘက်ကတော့ လျော်ကြေးမဟုတ်ဘဲ ဂရုဏာကြေး အဖြစ် သေဆုံးသူတွေကို တဦး ဒေါ်လာ ၁ သောင်းခွဲ၊ အသက်ရှင် ကျန်ရစ်သူတွေကို တဦး ဒေါ်လာ ၃၀၀၀ ပေးမယ်လို့ ပြောထားပါတယ်။ မြန်မာ့ အာမခံ လုပ်ငန်းဘက်ကလည်း သေဆုံးသူတွေကို ကျပ်သိန်း ၅၀ ပေးလျော်ဖို့လည်း ရှိပါတယ်။ ဒါပေမယ့် ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ အခု သဘောၤသားတွေကို ပို့ဆောင်ခဲ့တဲ့ ပြည်တွင်း ကုမ္ပဏီတွေဘက်ကတော့ လျော်ကြေးရရေး ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ကုမ္ပဏီတွေဘက်က လျော်ကြေးကိစ္စကိုတော့ မြန်မာနိုင်ငံ ပင်လယ်ကူး သဘောၤသား အလုပ်သမား အဖွဲ့ချုပ် MSF ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ကျော်ဝင်းက အခုလို ပြောပါတယ်။

"ကုမ္ပဏီကိစ္စတွေကလည်း သိပ်မကြာပါဘူး။ ဒီလကလည်း ကုန်ခါနီးပြီကိုး။ ၃၀ရက်နေ့မှာ ကုမ္ပဏီ ငါးခုစလုံးကို ခေါ်ထားတယ်။ ခေါ်ပြီးတော့ စာချုပ်စာတမ်းတွေ စစ်မယ်။ သူတို့အကုန်လုပ်မယ်။ ရေကြောင်းဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့မှ သင်္ဘောသား အဖွဲ့ချုပ်ရော၊ ရေကြောင်းဦးစီးဌာနရော၊ ကုမ္ပဏီတွေရော လုပ်ပြီးတော့မှ ဒီကလေးတွေရဲ့ ရသင့်ရထိုက်တဲ့ လျော်ကြေးတွေ အဲ့တာက လျော်ကြေးငွေ ခေါ်တယ်။ အဲ့တာလေးလည်း ရအောင် လုပ်ပေးမယ်။ သိပ်တော့ မကြာတော့ပါဘူးခင်ဗျာ။"

ဒီလကုန်ပိုင်းလောက်မှာ ရုရှားအစိုးရဘက်က ဂရုဏာကြေးနဲ့ မြန်မာ့ အာမခံဘက်က လျော်ကြေးတို့ကို ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ဒီကနေ့ သဘောၤသားတွေရဲ့ လျော်ကြေးကိစ္စ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ MSF က ပြောပါတယ်။

ပြည်တွင်း ကုမ္ပဏီတွေ ဘက်က ပေးလျော်ရမယ့် လျော်ကြေး ကိစ္စတွေကို အစိုးရ ပို့ဆောင်ရေး ဝန်ကြီးဌာန ဘက်က ဆောင်ရွက်နေတာတွေကိုတော့ သဘောၤသား ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က အခုလို ပြောပါတယ်။

"Top Chanceနဲ့ Asia Wave၊ ကုမ္ပဏီတွေကတော့ သူတို့အနေနဲ့ ဒေါ်လာ သုံးသောင်း ရအောင် ဟိုဘက်မှာ စီစဉ်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ ရမယ်လို့လည်း သိရပါတယ်။ Sea Riderနဲ့ Star Global ကတော့ အခုအကြမ်းဖျင်းပြောတာ တစ်သောင်းခွဲတော့ ရနေပြီလို့ ပြောပါတယ်။ ရဖို့ပေါ့လေ။ ရဖို့ ညှိနှိုင်းထားပြီးပြီဆိုတော့ သူတို့ဆက်လုပ်မယ်လို့ သူတို့ ကျနော်တို့ကို ပြောပါတယ်။"

သေဆုံးခဲ့ရတဲ့ သင်္ဘောသားတွေ အတွက် အာမခံကြေးတွေ ပေးချေနိုင်ဖို့ Asia Wave၊ Top Chance၊ Sea Rider ၊ Star Global နဲ့ Life Oasis တို့က တာဝန်ယူရမှာ ဖြစ်တယ်လု့ိလည်း သင်္ဘောသားဌာနခွဲက ပြောပါတယ်။ ဒါ့အပြင် ပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး ရုရှား ငါးဖမ်းသင်္ဘောဆီကို လိမ်လည် စေလွှတ်ခဲ့မှု အတွက်လည်း ဆက်ပြီး အရေးယူသွားမယ်လို့ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။

"ကျနော်တို့ဆီမှာ -ကုမ္ပဏီတွေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတဲ့ ကျနော်တို့ ပို့ဆောင်ရေးဝန်ကြီးဌာန အသိအမှတ်ပြုပြီးတော့ ကျနော်တို့ ရေကြောင်းဦးစီးဌာန ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာအမှတ် ၃/၂၀၁၃ ဆိုတာ ရှိပါတယ်။ အဲ့ဒီ့မှာ ကျနော်တို့က အရေးယူတဲ့ဥစ္စာ ပါပြီးသားပါ။ ဒါတွေက ကျနော်တို့ နောင်ကျရင် အဲ့ဒီ့အထဲမှာပါတဲ့အတိုင်းပဲ ကျနော်တို့ ဆက်လက်ပြီး အရေးယူသွားပါလိမ့်မယ်။"

နစ်မြုပ်ခဲ့တဲ့ ရုရှား ငါးဖမ်း သင်္ဘော Dalniy Vostok ပေါ်မှာ လိုက်ပါခဲ့တဲ့ သင်္ဘောသားပေါင်း ၁၃၂ ဦးတို့ထဲမှာ မြန်မာနိုင်ငံသား ၄၂ ဦးပါဝင်ခဲ့ တာပါ။ မြန်မာနိုင်ငံသား ၂၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ၁၆ ဦး သေဆုံး၊ ၄ ဦးတို့ကတော့ ပင်လယ်ပြင်မှာ ပျောက်ဆုံးခဲ့တာပါ။ အခုတော့ လွတ်မြောက် သင်္ဘောသားတွေ ဌာနေပြန်ရောက်နေပြီ ဖြစ်ပြီး လျော်ကြေး ရရေး ဆောင်ရွက်နေကြပါတယ်။

XS
SM
MD
LG