သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒု-နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေး


ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (photo: China's foreign ministry)
ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (photo: China's foreign ministry)

ရုရှားသမ္မတ Vladimir Putin ရဲ့ သြဇာအာဏာကို ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင်က စိန်ခေါ်မှုနဲ့ ကြုံနေရချိန်မှာပဲ နိုင်ငံတကာကိစ္စတွေကို ဆွေးနွေးဖို့ဆိုပြီး ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံပါတယ်။

၂ နိုင်ငံဆက်ဆံရေး ကိစ္စတွေအပြင် နိုင်ငံတကာနဲ့ ဒေသတွင်းကိစ္စတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နဲ့ ရုရှားဒုနိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အကျဉ်းရုံး သတင်းထုတ်ပြန်ခဲ့တာပါ။ ရုရှားရဲ့ အဓိကမဟာမိတ် နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ရုရှားဒုနိုင်ငံခြားရေးဝန်ကြီး ဘယ်တုန်းက ရောက်နေတယ်ဆိုတာကိုတော့ မပြောသလို၊ သောကြာနေ့မှာ ရုရှားကြေးစားတပ်ဖွဲ့က အာဏာဖီဆန်တဲ့ လုပ်ရပ်နဲ့ ဆက်နွယ်နေသလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် သမ္မတပူတင်က ပြောခဲ့တဲ့ ကြေးစားတပ်ဖွဲ့ရဲ့ ပုန်ကန်မှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရကတော့ လူသိရှင်ကြား မှတ်ချက်ပေးပြောဆိုတာ မတွေ့ရသေးပါဘူး။

တချိန်တည်းမှာပဲ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ ပုန်ကန်မှုနဲ့ ပတ်သက်လို့ ရုရှားခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ရုရှားသံအမတ်ကြီးနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံရာမှာ ပြောခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းက ဖော်ပြပါတယ်။ ပုန်ကန်မှုကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်မယ်လို့ ယုံကြည်ကြောင်း မြောက်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး Im Chon Il ကို ကိုးကားပြီး သတင်းက ဖော်ပြခဲ့တာပါ။

အမေရိကန်သမ္မတ Joe Biden အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်တွေကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောဆိုထားကြပါတယ်။

XS
SM
MD
LG