သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဆက်ဆံရေးကို စိုးမိုးဖို့ ကန်ကြိုးစားကြောင်း ပူတင် စွပ်စွဲ


ရုရှားရုပ်သံဌာနနဲ့ ရုရှားသမ္မတတို့ ကြာသာပတေးနေ့ မှာ ပြုလုပ်တဲ့ နှစ်ပတ်လည် တိုက်ရိုက် အမေးအဖြေကဏ္ဍ။
ရုရှားရုပ်သံဌာနနဲ့ ရုရှားသမ္မတတို့ ကြာသာပတေးနေ့ မှာ ပြုလုပ်တဲ့ နှစ်ပတ်လည် တိုက်ရိုက် အမေးအဖြေကဏ္ဍ။

အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ အပေါ်စီးကနေ စိုးမိုးချယ်လယ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ရုရှားသမ္မတ Vladimir Putin က စွပ်စွဲလိုက်ပါတယ်။ ဒါပေမဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ရုရှားက အမြဲ လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

ရုရှားရုပ်သံဌာနနဲ့ ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ နှစ်ပတ်လည် တိုက်ရိုက် အမေးအဖြေကဏ္ဍမှာ ရုရှားပြည်သူလူထုကနေ တိုက်ရိုက်မေးမြန်းတဲ့ မေးခွန်း တခုကို ဖြေကြားစဉ် အခုလို မစ္စတာ Putin ပူတင်က ပြောသွားတာဖြစ်ပါတယ်။

သူက အမေရိကန်ပြည်ထောင်စုကို ရည်ရွယ်ပြီးတော့ ပြောဆိုတဲ့အထဲမှာ အင်အားကြီးနိုင်ငံတွေ ဟာ သူတို့ကိုသူတို့ ပြိုင်ဖက်ကင်းတဲ့ သူတွေ၊ ကမ္ဘာမှာ အဓိက အင်အားအရှိဆုံးဟာ သူတို့သာဖြစ်တယ်လို့ ယူဆနေကြသလို၊ မဟာမိတ်ကို မလိုချင်ပဲ လက်အောက်ခံတွေပဲလိုချင်ကြတယ် လို့ ပြောဆိုပါတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်း မော်စကိုအစိုးရဟာ အရှေ့ ဥရောပနိုင်ငံတွေတော်တော်များများကို စံနမူနာပြ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေ ဖြစ်အောင် ကြိုးပမ်းခဲ့တယ်၊ ဒါပေမယ့် ဒီလိုလုပ်လို့ ဘာမှကောင်းမလာခဲ့ဘူး။ အခုဆိုရင် အမေရိကန် ပြည်ထောင်စုဟာ အဲဒီလိုမျိုးနည်းလမ်းကို အသုံးပြုပြီး ကမ္ဘာကြီးကို ပုံစံသွင်းနေတယ်။ သူတို့ဟာ ကျရှုံးမှာပဲလို့ မစ္စတာ ပူတင်က ပြောဆိုလိုက်ပါတယ်။

နောက်ပြီး အမေရိကန်ပြည်ထောင်စုဟာ မေလ ၉ ရက်နေ့ မော်စကိုမှာ ကျင်းပမယ့် ဥရောပတခွင်မှာ ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခဲ့တာ နှစ်ပေါင်း ၇၀ ပြည့်မြောက်တဲ့ အခမ်းအနားကို ဥရောပခေါင်းဆောင်တချိုု့ ပါဝင်မတက်ရောက်အောင် ဖိအားပေးနေတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လက်အောက်ခံသူတွေကိုပဲ လိုချင်နေတယ်ဆိုတဲ့ စကားရပ် အပေါ် Lithuanian ဝန်ကြီးချုပ် MR. Andrius Kubilius ကို မေးကြည့်ရာမှာ ရုရှားက သူ့ရဲ့အိမ်နီးချင်း တိုင်းပြည်တွေအပေါ် ဆက်ဆံနေတဲ့ ဆက်ဆံပုံမျိုးကို ပြန်ပြောနေတာ ဖြစ်နိုင်တယ်လို့ VOA ကို ပြောဆိုပါတယ်။

XS
SM
MD
LG