သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်ထဲရေးဝန်ကြီးသစ် လွှတ်တော်အတည်ပြု


အမေရိကန်ပြည်ထောင်စုမှာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရီပတ်ဘလစ်ကန်ပါတီ အောက်လွှတ်တော်အမတ် Ryan Zinke ကို အထက်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြည်ထဲရေးဝန်ကြီးရဲ့ တာဝန်ဟာ တခြားနိုင်ငံတွေမှာလို လုံခြုံရေးတာဝန်ကို ကိုင်တွယ်ရတာမဟုတ်ဘဲ - ဗဟိုအစိုးရက ပိုင်ဆိုင်တဲ့ မြေတွေ၊ သဘာဝအရင်းအမြစ်တွေနဲ့ မျိုးတုန်းတော့မယ့် တိရစ္ဆာန်မျိုးစိတ် တွေကို သတ်မှတ်ပေးရတဲ့ လုပ်ငန်းတွေကို ကြီးကြပ်ရသူ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးအဖြစ် လျာထားခံထားရတဲ့ Zinke ကိုတော့ ကိုယ်စားလှယ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၃၁ မဲနဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်တာပါ။

အတည်ပြုခန့်အပ်ဖို့ လွှတ်တော်မှာ ကြားနာချိန် - ပြည်ထဲရေးဝန်ကြီးဌာနက အဓိက တာဝန်ယူရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေ အပေါ် သူ့ရဲ့ရပ်တည်ချက်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းခံရချိန်မှာတော့ လူသားတွေရဲ့ လုပ်ရပ်နဲ့ ဆိုင်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပေမဲ့ - ဘယ်အတိုင်းအတာအထိ ရှိနိုင်သလဲ ဆိုတာကို ခန့်မှန်းပြောဆိုဖို့ိတော့ ငြင်းဆန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ - အိုးအိမ်နဲ့မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီးဌာန အကြီးအကဲအဖြစ် သမ္မတ Trump က လျာထားခံရတဲ့ Ben Carson ကို အထက်လွှတ်တော်ကနေ ကနဦး အတည်ပြုချက်ပေးခဲ့ပြီး - နောက်ဆုံး တရားဝင်အတည်ပြုချက်ကိုတော့ ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။

အာဖရိကန်-အမေရိကန်နွယ်ဖွား နာမည်ကြီး အာရုံကြောအထူးကု ဆရာဝန် Carson ဟာ ပြီးခဲ့တဲ့နှစ် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း အကြိုရွေးပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ဖူးသူတဦးဖြစ်ပြီး - အထက်လွှတ်တော်မှာ ပါတီ ၂ ရပ်ပေါင်းကနေ အစောပိုင်းမဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၆၂ မဲ၊ ကန့်ကွက်မဲ ၃၇ မဲ ရရှိထားပါတယ်။

သမ္မတ Trump က နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် ရွေးချယ်ထားတဲ့ Neil Gorsuch ကိုတော့ အတည်ပြုခန့်အပ်ဖို့ အထက်လွှတ်တော် တရားရေးကော်မတီက မတ်လ ၂၀ ရက်နေ့မှာ စတင်ကြားနာဖို့လည်း စီစဉ်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG