တောင်ဆူဒန်နိုင်ငံရဲ့နှစ်နှစ်ကြာပဋိပက္ခ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရေး ကြိုးပမ်းချက် တစိတ်တပိုင်းအနေနဲ့ မကြာခင်သေးခင်က လက်မှတ် ရေးထိုးထားခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အင်္ဂါနေ့ကစပြီး အတည်ပြုမှာဖြစ်ကြောင်း တောင်ဆူဒန် သူပုန်ခေါင်းဆောင်ဖြစ်သူက
ပြောပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြည့်အဝအကောင် အထည်ဖော်ဖို့ သူ့အနေနဲ့ သံန္နိဌာန်ချထားတယ်လို့ ဒုတိယသမ္မတဟောင်းဖြစ်တဲ့ Riek Machar က VOA ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်နှစ်ဘက်လုံးက လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အစိုးရဘက်က ဆက်ပြီး ဖောက်ဖျက်နေတာတွေကို ကြားဝင်စေ့စပ်သူတွေနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေကို အသိပေးခဲ့တယ်လို့လည်း ပြောပါတယ်။
သဘောတူညီချက်ကို စက်တင်ဘာ ၈ ရက်လောက်မှာ သူတို့ဘက်ကအတည်ပြုမှာဖြစ်ပြီး လောလောဆယ် မရပ်သေးတဲ့တိုက်ပွဲတွေကို အရင်ရပ်ဖို့
လိုအပ်တယ်လို့ သူပုန်ခေါင်းဆောင် Machar က ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာမှ လုံးဝ အပစ်ရပ်ရေး၊ လုံခြုံရေးနဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတွေကို ဆက်လုပ်သွားရမယ်လို့ ဆိုပါတယ်။