ကယား (ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ်နယ်စပ်တွေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရချိန် ကရင်နီတပ်သားတချို့ မူးဝေအော့အန်တဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က VOA ကိုပြောပါတယ်။ အန္တရာယ်များတဲ့အတွက် ဒရုန်းပျံဝဲနေချိန် အရပ်သားပြည်သူတွေအနေနဲ့ အထူးသတိပြု ပုန်းခိုရှောင်ရှားကြဖို့ KNDFက သတိပေးထားပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
ကရင်နီနဲ့ ရှမ်းပြည်နယ် နယ်စပ်တွေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ဆေးပြားကို ထည့်သွင်းအသုံးပြု တိုက်ခိုက်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီဇင်ဘာလ ၁၃ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၇ရက် နဲ့ ၈ရက်နေ့တုန်းက မိုးဗြဲမြို့ အခြေစိုက် အမှတ် (၄၂၂) ခြေလျင်တပ်ရင်း ကနေ မိုးဗြဲမြို့နဲ့ အနီးတဝိုက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ဆေးပြားတွေကို ထည့်သွင်းအသုံးပြုတိုက်ခိုက်တာကို တွေ့ခဲ့ရတယ်လို့ KNDFက သတင်းထုတ်ပြန်တာပါ။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။
“စစ်ကောင်စီက အခုလို ဓာတုအဆိပ်ငွေ့ အသုံးပြုတာတွေကြောင့်ပေါ့နော်၊ ဒီထုတ်ပြန်ချက်မှာ ဖော်ပြတဲ့ ဝေဒနာတွေကို တော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တွေ ခံစားခဲ့ရတယ်ပေါ့နော်၊ အဲ့တော့ ဒီအဆိပ်ငွေ့ရဲ့ အာနိသင်ပေါ့နော် နောက်ဆက်တွဲ သက်ရောက်မှုတွေက ဘယ်လောက်ထိကြီးမားလည်းဆိုတာကို ကျနော်တို့ လတ်တလောမှာတော့ မသိရသေးဘူးပေါ့နော်။ ဆေးကုသမှုခံယူဖို့ ခက်ခဲတဲ့နေရာတွေပေါ့နော်၊ ဝေးလံတဲ့နေရာတွေမှာ ရှိတဲ့ ပြည်သူတွေ စစ်ရှောင်တွေ ခံစားခဲ့ရမယ်ဆိုရင်တော့ ဒါတော့ ကျန်းမာရေးနဲ့ဆိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီး ဖြစ်ပေါ်လာနိုင်တယ်ပေ့ါနော်။”
အဲ့ဒီအငွေ့ကို ရှူရှိုက်မိတဲ့ တော်လှန်ရေး ရဲဘော်တချို့က မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ် မလန်းဆန်းခြင်းနဲ့ အားပြတ်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားခဲ့ရတယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ပြောပြခဲ့တာပါ။ လတ်တလောဝေဒနာခံစားခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုဆိုးကျိုး ဘယ်လိုရှိလဲဆိုတာ မသိရသေးဘူးလို့ KNDF က ပြောပါတယ်။
ဒါကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ဝေးလံခေါင်းဖျားဒေသမှာ နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေ အရပ်သားပြည်သူတွေအနေနဲ့လည်း သတိကြီးစွာထားပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဒရုန်းတွေ ပျံဝဲနေတာမျိုး၊ ဒါမှမဟုတ် ဗုံးကြဲတိုက်ခိုက်ခံရတာမျိုးတွေကြုံတယ်ဆိုရင် အဲ့ဒီနေရာအနီးတဝိုက်မှာ စူးစမ်းလေ့လာတာမျိုး မပြုလုပ်ဘဲ လုံခြုံတဲ့နေရာမှာ ပုန်းခိုရှောင်ရှားကြဖို့ကို KNDF က အထူးအသိပေးထားပါတယ်။
စစ်ကောင်စီဘက်က အဆိပ်ငွေ့ အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ စိုးရိမ်နေကြပါတယ်လို့ ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ကလည်း ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အသိပေးထားတဲ့အတိုင်း လိုက်နာပြီး အစိုးရိမ်မလွန်ဖို့ IEC အတွင်းရေးမှူး ဗညားခွန်အောင်က ခုလို ပြောပါတယ်။
“စစ်ကောင်စီက ဆက်တိုက်ပေါ့နော်၊ ရိုးရိုးဒရုန်းဗုံးတွေမကတော့ဘူးပေါ့၊ အခုအဆိပ်ငွေ့ ဓာတုလက်နက်ကိုင် ပုံစံမျိုး သုံးလာတာကတော့ ဒါကတော့ ကျနော်တို့ အနေနဲ့ ကတော့ လူတစ်ယောက်ချင်းဆီဖြစ်စေပေါ့နော်၊ စစ်ရှောင်စခန်းတခုဖြစ် ဒါက စိတ်ပူစရာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ တအားကြီးမကြောက်ဖို့ရယ် နောက်ပြီးမှ ဆောင်ရန် ရှောင်ရန်ဆိုပြီးတော့မှ သက်ဆိုင်ရာတပ်ဖွဲ့ဝင်တွေက အသိပေးထားတာရှိတယ်ပေါ့နော်။ ဒါလည်း လိုအပ်ရင် လိုအပ်သလို IEC ကတော့ မြို့နယ်အုပ်ချုပ်ရေး စစ်ကောင်စီနဲ့ ချိတ်ဆက်ပြီးတော့မှ ပူးပေါင်းလုပ်တဲ့ဟာတွေပေ့ါ၊ ကျနော်တို့ထပ် ဆက်တိုက်လုပ်ဖို့ရှိပါတယ်။”
ဒီဇင်ဘာလ ၁၆ ရက် ဒီမနက်အစောပိုင်းက စစ်ကောင်စီရဲ့ ကင်းထောက် တိုက်လေယာဉ် ပျံသန်းနေတာကြောင့် အရပ်သားပြည်သူတွေ အရင်ကထက် စိုးရိမ်မှုများလာတယ်လို့ IEC အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။
“အခုချိန်ထိကတော့ ဒီမနက်ပေါ့နော်၊ အစောကြီးပေါ့နော်။ ဒီနက် ၄နာရီ ၃နာရီခွဲ ၄နာရီဝန်းကျင်မှာလည်း တိုက်လေယာဉ်တွေ ကျနော်တို့ ပြည်နယ်ထဲကိုပေါ့နော် ပျံသန်းနေတာတွေ ရှိပါတယ်။ အဲ့တော့ ကင်းထောက်လေယာဉ်တွေကလည်း အခါအားလျော်စွာရှိတယ်။ အခုမျိုး မနက်အစောပိုင်းမှာလည်း သူတို့ပျံသန်းနေတာရှိပါတယ်။ အဲ့တော့ သေချာတစ်ခုကတော့ တနေရာမဟုတ် တနေရာ အမြဲတမ်းဗုံးကြဲလေ့ရှိတယ်။ ဒါပေမယ့် ကျနော်တို့က တခါကျရင် ချက်ချင်းလက်ငင်းပေါ့နော် အချက်အလက်တွေ မရတာ၊ ဒီအပေါ်မှာတော့ လူထုတွေကတော့ အရင်ကတော့ ဒီနှစ်ထဲမှာဆို ပိုဆိုးပေ့ါ၊ ပိုပြီးတော့မှ လေယာဉ်ဒဏ်ပိုခံရတော့ စိုးရိမ်စိတ်ကတော့ အရင်ထက်ပိုပြီးတော့ များလာတယ်ပေါ့နော်။”
ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ကြား ထိတွေ့မှုတွေ ကြိုကြားဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီက ဒရုန်းအားကိုးပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်လာသလို အဆိပ်ငွေ့များကိုပါ ထည့်သွင်း အသုံးပြုလာကြောင့် အထူးသတိပြုကြရန် တိုက်တွန်းတဲ့ကြောင်း KNDF က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီက လက်နက်ကြီး၊ မီးလောင်ဗုံးနဲ့ တိုက်ခိုက်ရာမှာ မီးခိုးမှိုင်းထနေတာကို တွေ့ရှိခဲ့ပြီး အဲ့ဒီအငွေ့ ရှူရှိုက်မိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မူးဝေ၊ အော့အန်၊ ဖျားနာတဲ့ ဝေဒနာခံစားခဲ့တာမျိုးရှိခဲ့ပါတယ်။ အဲ့ဒီနောက် ဓာတုအဆိပ်ငွေ့ အသုံးပြုတာ သိပ်မတွေ့ရပေမယ့် အခုနှစ်ထဲမှာ တွင်တွင်ကျယ်ကျယ် ပြန်အသုံးပြုလာတာ တွေ့ရတယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
အက်စ်ဖော့စ် ၅၆၀ အဆိပ်ငွေ့ဆေးပြား ဆိုတာ ပြင်းထန်တဲ့ အဆိပ်ငွေ့ မှိုင်းတိုက် ပိုးသတ်ဆေးတမျိုးဖြစ်ပါတယ်။ မျိုးစေ့နဲ့ စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းတွေ၊ စားသုံးရန် မဟုတ်တဲ့ ပစ္စည်းတွေ တိရစ္ဆာန် အစားအစာတွေ သိုလှောင်ထားတဲ့အခါ ကျရောက်တဲ့ ဖျက်ဆီးပိုးများကို ကာကွယ်နှိမ်နင်းနိုင်တဲ့ အဆိပ်ငွေ့မှိုင်းတိုက်ဆေးပြားခဲဖြစ်ပါတယ်။ KNDFရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Forum