သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံမယ့် ဖယ်ဒရယ်တည်ဆောက်ရေး ကူညီကြဖို့ ဒေါ်စုပန်ကြား


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တနိုင်ငံလုံးပစ်ခတိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆက်လက်ဆောင်ရွက်ရေး၊ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေပါဝင်လာရေးနဲ့ အစိုးရဖက်က တာဝန်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို သြဂုတ်လမကုန်မီကျင်းပရေးအတွက် အကြမ်းအားဖြင့် သဘောတူညီခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့တွေ့ဆုံပွဲကို နေပြည်တော်က Horizontal Lake View Hotel မှာ မနက် ၁၀နာရီကနေ နေ့ခင်း ၁နာရီထိဆွေးနွေးခဲ့သလို အစည်းအဝေးပြီး နေ့လည်စာ စားချိန်မှာလည်း ဆက်လက်ဆွေးနွေး ခဲ့ကြပါတယ်။

ဆွေးနွေးပွဲစတင်ချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေအားလုံးလိုလားတောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောကြား ပါတယ်။

“အင်မတန်မှတန်ဖိုးရှိလှတဲ့ စစ်မှန်တဲ့ တိုင်းရင်းသားများအားလုံးကို လုံခြုံမှုနဲ့ လွတ်လပ်မှု အာမခံနိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတခုကို တည်ထောင်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျမတို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီကိစ္စကို တဖွဲ့ထည်းလည်းလုပ်လို့မရဘူး တကြိမ်ထဲလည်း ပြီးမှာမဟုတ်ဘူး။ ဒါပေမယ့် အမြန်ဆုံးဖြေရှင်းချင်ပါတယ်။”

ဒီပြည်ထောင်စုကြီးဖြစ်ပေါ်ဖို့အတွက် ဘာတွေ ပေးဆပ်နိုင်မလဲ ဆိုတာနဲ့ စေတနာအပြည့်အဝနဲ့ စုစည်းပြီးတော့ ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြပါစေလို့ ဆန္ဒပြုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးတဲ့အချက်တွေ ကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှုး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“အဓိကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆက်လက်ဆောင်ရွက်သွားဖို့ကိစ္စပေါ့။ နောက်ပြီး အပစ်အခတ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာရေးကိစ္စ ၊ အစိုးရဘက်က ဆက်ပြီးတော့ ဆောင်ရွက်ပေးရမယ့်ကိစ္စ၊ နောက် ယုံကြည်မှုတည်ဆောင်ရေး ကိစ္စပေါ့လေ။ နောက်ပြီးတော့ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်ဖို့ ကိစ္စ၊ ရှေ့လုပ်ငန်းစဉ် ကိစ္စရပ် ကျန်တာတွေအများကြီးဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ထမင်းအတူတူသုံးဆောင်ရင်းနဲ့ပေါ့လေ ဆက်ပြီးတော့ ၁ နာရီလောက်ကြာအောင်ဆွေးနွေးနိုင်တဲ့အတွက် ဒီနေ့ဆွေးနွေးပွဲကတော့ ယုံကြည်မှုတော်တော်တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။”

ဒီဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘော တူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်း အဝေး (JICM) ကို လိုအပ်ချိန်မှာ ခေါ်ယူဖို့နဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတို့ လာမယ့်လအတွင်းမှာတွေ့ဆုံပြီး ညီလာခံအတွက် ကြိုတင်ပြင်ဆင်ရေးကိုဆွေးနွေးဖို့လည်း သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်တဦးအနေနဲ့ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဌ ဦးသံခဲက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေအားလုံး နိုင်ငံရေးဆွေးနွေးပွဲ မှာ ပါဝင်လာစေဖို့ လိုလားတာကိုလည်း တွေ့မြင်ရကြောင်း ပြောပါတယ်။

“ဒီနိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည့်ပြည့်စုံစုံပါဝင်နိုင်ဖို့ ဆိုတဲ့အခြေအနေဟာ လိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဒီလို ပြည့်ပြည့်စုံစုံပါဝင်နိုင်ဖို့ဆိုတာကို အားလုံးက ဝိုင်းဝန်းကြိုးပမ်းဖို့လည်းလိုပါတယ်။ အဲဒီလို ဝိုင်းဝန်းကြိုးပမ်းတဲ့နေရာမှာ ကျနော်တို့ ဒီအခက်အခဲဟာ အားလုံးရင်ဆိုင်ရမယ့် အခက်အခဲဖြစ်ပါတယ်။ ဒီအခက်အခဲကို ကျနော်တို့ နားလည်မှုရှိနေကြသလိုပါပဲ ကျန်နေတဲ့အဖွဲ့တွေပါဝင်ဖို့အတွက်လည်း နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ အတက်နိုင်ဆုံးကြိုးစားသွားမယ်ဆိုတဲ့ သဘောထားကတော့ သူနောက်ဆုံးဒါကိုပဲ ပွင့်ပွင့်လင်းလင်းဖော်ထုတ်သွားတာကို ကျနော်တို့မြင်ရပါတယ်ခင်ဗျ။ နောက်ပြီး ၂၁ ရာစုပင်လုံအစပျိုးမှု ဆွေးနွေးမှုကို သြဂုတ်လနောက်ဆုံးမတိုင်ခင်မှာ ကျင်းပဖို့အတွက် အတိုင်းအတာတခုအထိ ဒီကနေ့ဆွေးနွေးပွဲမှာဆုံးဖြတ်ခဲ့တယ်။”

ဒီကနေ့ဆွေးနွေးနေချိန်မှာပဲ NCA လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ဖွဲ့ပါဝင်တဲ့ UNFC ခေါ် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရဖက်က ဖိတ်ခေါ်ခဲ့ပါတယ်။ UNFC အဖွဲ့က တာဝန်ရှိသူတဦးကတော့ ဖိတ်ကြားစာကို ရရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမယ့်ရက်ကိုလည်း အကြောင်းပြန်ထားကြောင်း ပြောဆိုပေမဲ့ အသေးစိတ်ပြောဆိုတာတော့ မရှိပါဘူး။

ဒီကနေ့ကျင်းပတဲ့အစည်းအဝေးကိုတော့ အစိုးရကိုယ်စားလှယ် အဖွဲ့ဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ကိုယ်စားလှယ် ၈ယောက် တက်ရောက်ခဲ့သလို တိုင်းရင်းသားကိုယ်စားလှယ် အဖွဲ့ဘက်ကတော့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ စောမူတူးစေဖိုးခေါင်းဆောင်ပြီး အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG