သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ရန်ကုန်မှာ ဆန္ဒပြ


ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်မြောက် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဝတ်ပြုဆုတောင်းပွဲ ကျင်းပသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လူစုခွဲရန် ပြောကြားနေစဉ်။ စက်တင်ဘာ ၂၆၊ ၂၀၁၁။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်မြောက် အထိမ်းအမှတ် ဆူးလေဘုရားတွင် ဝတ်ပြုဆုတောင်းပွဲ ကျင်းပသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လူစုခွဲရန် ပြောကြားနေစဉ်။ စက်တင်ဘာ ၂၆၊ ၂၀၁၁။

လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေတဲ့ ကြားကပဲ ၂၀၀၇ စက်တင်ဘာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှုတွေ နှိမ်နင်းခံခဲ့ရတဲ့ ၄ နှစ်မြောက် နှစ်ပတ်လည် အထမ်းအမှတ်အဖြစ် နိုင်ငံရေး လှုပ်ရှားမှုတွေ ရန်ကုန်မြို့မှာ ဒီနေ့ ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ စီတန်းလမ်းလျှောက်တာ၊ မေတ္တာပို့ ဆုတောင်းတာတွေကို အာဏာပိုင်တွေက ဟန့်တားမှုတွေ ရှိနေတဲ့ ကြားကပဲ တက်ကြွ လှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြတာပါ။ မြန်မာအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတွေ အကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရွှေဝါရောင် နှစ်ပတ်လည်နေ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ဆန့်ကျင်တဲ့ ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ ဆိုတဲ့ စာသားတွေနဲ့ အဝါရောင် အင်္ကျီတွေကို ဝတ်ဆင်ထားကြတဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း မြောက်ဒဂုံ ၅၁ ရပ်ကွက်မှာရှိတဲ့ မကွေးစာသင်တိုက်မှာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့ကြပြီး နောက်ပိုင်း ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားဆီကို ချီတက်ရာမှာတော့ အာဏာပိုင်တွေရဲ့ ဟန့်တားမှုနဲ့ ကြုံခဲ့ရတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။

“ဆူးလေမှာ ကျနော်တို့ စုရပ်ထားတယ်။ အဲဒါကို နေရာ ၃ ခုက လာကြတယ်။ လာတဲ့အခါ ပထမဆုံး မြောက်ဥက္ကလာမှာ လူစုခွဲခံလိုက်ရတယ်။ ကျနော်တို့ ငှားလာတဲ့ ကားတွေကို ပိတ်ဆို့ တားဆီးလိုက်တယ်။ တားဆီးပြီး ကားသမားတွေကို ခြိမ်းခြောက်ပြီး ကျနော်တို့ကို ဆက်မပို့အောင် လုပ်လိုက်တယ်။ လုပ်လိုက်တော့ ကျနော်တို့က လမ်းလျှောက်ပြီး လာတဲ့အခါမှာ ကမ္ဘာအေး စာတိုက်မှတ်တိုင်နားမှာ ကျနော်တို့ကို သွားခွင့် မပေးတော့ဘူး။ မပေးတော့တဲ့အတွက် ကျနော်တို့ အဲဒီနားမှာပဲ ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းမှု လုပ်ခဲ့တယ်။”

ဒါဟာဆိုရင် မြန်မာအစိုးရသစ်အဖြစ် မတ်လကုန်မှာ တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တွေ့မြင်လာရတဲ့ လမ်းပေါ် ဆန္ဒပြပွဲတခုလည်း ဖြစ်ပါတယ်။ လုံခြုံရေး ရဲတပ်ဖွဲ့တွေကတော့ ဒီလို ဆန္ဒပြပိုင်ခွင့် ပေးထားတဲ့ အခြေခံဥပဒေ အတည်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဟန့်တားခဲ့တာလို့ ကိုယ်တိုင် တားဆီးခံခဲ့ရသူ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

“ကျမတို့က ကားပေါ်မှာ ၁၀၀၊ ၈၀ လောက်ရှိတယ်။ လမ်းမှာလည်း ကျမတို့ဘက်က လူ ၁၈၀ လောက်ရှိတယ်။ ကျမတို့က တားလို့ရှိရင် ဒီမှာပဲ ဘုရားကန်တော့မယ်။ ကျမတို့က ဆူပူလှုပ်ရှားတာ မဟုတ်တဲ့အတွက် ဆုတောင်းပွဲကို ဒီမှာပဲ လုပ်လိုက်မယ် ဆိုပြီးတော့ ဆုတောင်းပွဲ လုပ်လိုက်ပါတယ်။ ကျမတို့ လွတ်လပ်စွာ လမ်းလျှောက်ပိုင်ခွင့်ရှိတယ် ဆိုတာကို အခြေခံဥပဒေမှာ ပါပြီးသား ဖြစ်တယ်လို့ ပြောတဲ့အခါကျတော့ ရဲမှူး ဦးမောင်စိုးက နေပြီးတော့ ပြလို့မရဘူးတဲ့၊ အခြေခံဥပဒေက အတည်မဟုတ်သေးပါဘူးတဲ့၊ ကျနော်တို့က အရင်ဥပဒေနဲ့ လုပ်တာပါလို့ ပြောပါတယ်။

“ကျမတို့နိုင်ငံမှာ အခြေခံဥပဒေကို လေးစား လိုက်နာတဲ့ အစိုးရ ဖြစ်စေချင်ပါတယ်။ ဥပဒေတခုကို ထုတ်ထားပြီးတော့ ဒါ အတည်မဟုတ်ပါဘူးလို့ လက်လွတ်စပယ် ပြောတာတော့ မဖြစ်သင့်ပါဘူး။ တကယ်တမ်းကျရင် ကျမတို့က အခြေခံဥပဒေကို လက်မခံခဲ့ပါဘူး။”

ဒီလို အတားအဆီးတွေ ရှိပေမဲ့လည်း ဆူးလေဘုရားမှာ ဆုတောင်းပွဲကို အတားအဆီးတွေ ကြားကပဲ လုပ်နိုင်ခဲ့ကြပါတယ်။

ဆူးလေဘုရားမှာလည်း အာဏာပိုင်တွေဘက်က လုံခြုံရေးဝန်ထမ်း အများအပြား ချထားပြီး တားဆီးခဲ့တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ဆက်ပြောပြပါတယ်။

“နောက်ကျတော့ ဆူးလေဘုရားကို ရောက်သွားတယ်ပေါ့ဗျာ။ ရောက်သွားတဲ့ အခါမှာလည်း အမြန်ဆုံး လူစုခွဲဖို့ ပြောနေတယ်။ အဲတော့ လူစုခွဲခံရတဲ့ အနေအထား အားလုံးကို ကျနော်တို့ တတ်နိုင်သမျှ စုစည်းပြီးတော့ အခု နာရီဝက် အတွင်းမှာပဲ ဘုရားပေါ်မှာ စုစည်းထားတဲ့ အင်အား ၁၀၀ ကျော်ခန့်ရယ် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဆန္ဒပြုပြီးတော့ ဘုရားမှာ ဆုတောင်းခဲ့တယ်။

“ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာတော့ လည်ပတ်အနီနဲ့ စစ်သားတွေ၊ လုံထိန်းတွေ၊ ကား ၆ စီးလောက်နဲ့ ရပ်တန့်ပြီး စောင့်ဆိုင်းနေတယ်။ အဲဒီနေရာ ကိုက် ၅၀ လောက် အကွာမှာပဲ လုံခြုံရေး ဝန်ထမ်းတွေ အပြည့်အ၀ ချထားတယ်။ ဘုရားရင်ပြင်ပေါ်မှာလည်း စရဖတွေ၊ သူတို့အင်အားစုတွေ ပြည့်နှက်နေအောင် ချထားပါတယ်။”

မြန်မာနိုင်ငံမှာ သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အာဏာပိုင်တွေက ဖြိုခွဲဖမ်းဆီး သတ်ဖြတ်ခဲ့မှုတွေကို မမေ့လျော့တာကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့မှာပဲ ငြိမ်းချမ်းစွာ ဆန္ဒတွေ ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အခုလို နှစ်ပတ်လည်နေ့ လုပ်သလိုပဲ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါခဲ့ပြီး ထိုင်း၊ မြန်မာ နယ်စပ်ကို တိမ်းရှောင်လာတဲ့ သံဃာတွေ စုပေါင်းပြီး ထိုင်း၊ မြန်မာ နယ်စပ်မှာ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွေကိုလည်း လုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက ဒီမိုကရေစီ အင်အားစုတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု တို့ကတော့ တစုံတရာ ပြဿနာ ကြီးကြီးမားမား မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ် နိုင်တဲ့အတွက် ကြိုဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီကနေ ပြဿနာတွေ ဖြစ်ပွားလာပြီး အတိမ်းအစောင်းမခံနိုင်တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေမှာ ရှုပ်ထွေးမှုတွေ ထွက်ပေါ်လာမှာကို စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ပြောဆိုကြပါတယ်။

XS
SM
MD
LG