သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျသံဃာများ လွှတ်ပေးရေး HRW တောင်းဆို


အကျဉ်းကျသံဃာများ လွှတ်ပေးရေး HRW တောင်းဆို
အကျဉ်းကျသံဃာများ လွှတ်ပေးရေး HRW တောင်းဆို

မြန်မာအစိုးရ အနေနဲ့ ရဟန်းသံဃာတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့မှာ တောင်းဆိုခဲ့သလို မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ USCB ကလည်း ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ ကော်မရှင် ဖွဲ့စည်းရေးမှာ အမေရိကန်က ဦးဆောင်ဖို့ကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်ခဲ့တာ ၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီလို ၄ နှစ်တင်းတင်း ပြည့်လာခဲ့ပေမဲ့ အဲဒီအချိန် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူတချို့ကတော့ အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ဆက်ပြီး အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုနေကြတာပါ။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည်လေ့လာရေး အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch ကတော့ မြန်မာအစိုးရ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို အမှန်တကယ် လေးစားကြောင်း ပြသဖို့ လိုတယ်လို့ Human Rights Watch အဖွဲ့ကြီးရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး အီလိန်း ပီယာစန် (Elaine Pearson) က အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီနေ့ဟာ ၄ နှစ်မြောက် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့ပါ။ မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေးကို အလေးအနက် ထားတာကို ကျမတို့ မြင်တွေ့လိုပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ လုပ်သင့်တာက လွန်ခဲ့တဲ့ ၄ နှစ်က ဒီ ရွှေဝါရောင် လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့သူတွေ ရာပေါင်းများစွာကို လွှတ်ပေးသင့်ပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ပြည်သူတွေ၊ သတင်းထောက်တွေနဲ့ စာရေးဆရာတွေ ပါဝင်နေတာကို ကျမတို့ သိထားပါတယ်။ ဒီလူတွေ အားလုံးကို ဘာအကြောင်းကြောင့်နဲ့မှ ဆက်ပြီး ထိန်းသိမ်းမထားသင့်ပါဘူး။ သူတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို ကျမတို့ တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံမှာ တိုးတက်မှုတချို့ တွေ့မြင်နေရပြီလို့ ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း တကယ်တမ်း မြန်မာပြည် အခြေခံ လူတန်းစားတွေကြားမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်ရဆဲ ဖြစ်သလို နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ဆက်ရှိနေသေးတာ၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ၊ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာဟာ တိုးတက်မှု ရှိတယ်လို့ ပြောလို့မရသေးကြောင်းလည်း အီလိန်း ပီယာစန်က ထောက်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာ ရယူလိုတယ် ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားကိစ္စ၊ တိုင်းရင်းသားအရေး ပြဿနာတွေကို ပြီးစီးအောင် အရင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အီလိန်း ပီယာစန်က ပြောသွားခဲ့ပါတယ်။

“မြန်မာအစိုးရ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ချင်တယ်ဆိုရင် ဒီမိုကရေစီကို လေးစားတဲ့ နိုင်ငံတခု ဖြစ်တယ်ဆိုတာကို ပြဖို့ လိုပါတယ်။ ဆိုလိုတာကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးတာမျိုး၊ အနာဂတ်မှာလည်း ဒီလူတွေအနေနဲ့ မြန်မာ့အရေး ကိစ္စတွေမှာ ပါဝင် ဆောင်ရွက်နိုင်တာမျိုးနဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေကိုလည်း မြင်တွေ့လိုပါတယ်။ ပြီးတော့လည်း တိုင်းရင်းသား အုပ်စုတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိအောင် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။”

တခါ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ US Campaign For Burma ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ စစ်ဆေးနိုင်ဖို့ကိစ္စ အမေရိကန်က ဦးဆောင်ဖို့ တောင်းဆိုထားတဲ့ လက်မှတ်ပေါင်း ၁၃,၀၀၀ ကိုလည်း ရွှေဝါရောင် လှုပ်ရှားမှု နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ်နဲ့ တနင်္လာနေ့က သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ထံ ပေးပို့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လှုပ်ရှားမှုကို ဦးဆောင်သူ USCB မှ မိုင်ယာ ဒါဂေဖောက အခုလို ပြောပြပါတယ်။

“ကျမတို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် လုပ်ပေးပါဆိုပြီး အဲဒီ တောင်းဆိုချက်တွေကလည်း ၂ နှစ်ရှိပြီ၊ ဒါပေမဲ့ ဘယ်သူမှ ကောင်းကောင်းမွန်မွန် ဦးဆောင်တဲ့နိုင်ငံ တနိုင်ငံမှ မရှိသေးဘူး။ အဲဒါကြောင့် သမ္မတ အိုဘားမားဆီကနေ အကူအညီ တောင်းတာပေါ့။ သူ့ရဲ့ အစိုးရက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဦးဆောင်ပေးနိုင်မယ်ဆိုရင် အကူအညီ တောင်းတာပေါ့။ ဒါပေမဲ့ အရေးအကြီးဆုံး ဒီနေ့အတွက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါလို့ ကျမတို့ တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ပြီး တရားမျှတမှုတွေ ရှိလာအောင် အမေရိကန်ရဲ့ ဦးဆောင်မှုဟာ အရေးပါတယ်လို့လည်း မိုင်ယာ ဒါဂေဖောက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG