သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်မြောက် အခမ်းအနားကျင်းပ


ရွှေဝါရောင်တော်လှန်ရေးအခန်းအနားကျင်းပရန် တက်ရောက်လာသော သံဃာတော်များနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ။ ၀၉-၀၈-၁၂။
ရွှေဝါရောင်တော်လှန်ရေးအခန်းအနားကျင်းပရန် တက်ရောက်လာသော သံဃာတော်များနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ။ ၀၉-၀၈-၁၂။
မြန်မာနိုင်ငံတဝှမ်း သံဃာတော်တွေဦးဆောင်ပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက် ဆန္ဒပြခဲ့တဲ့ ရွှေ ဝါရောင် တော်လှန်ရေး ၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ ပါတယ်။ ဒီရွှေဝါရောင်တော်လှန်ရေးအတွင်း အာဏာပိုင်တွေဖက်က အကြမ်းဖက် နှိမ်နှင်းခဲ့ တာကြောင့် အသက်ဆုံးရှုံးခဲ့ကြတဲ့ ရဟန်း ရှင်လူတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ သံဃာတော်တပါးဖြစ်သူ အရှင်ဂမ္ဘီရခေါ် ဦးညီညီလွင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စစ်အစိုးရရဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေ ဦးဆောင်ပြီး ဒုတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇနကံ သပိတ်မှောက် ကံဆောင်ပွဲအဖြစ်နဲ့ ဒီရွှေဝါရောင် တော်လှန်ရေးကို သံဃာတော်တွေက ဦးဆောင်ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့ကြတာပါ။

ဒါပေမယ့် သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြသူတွေကို စစ်တပ်က လက်နက်အင်အားသုံးပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာပါ။


ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူဖို့ လိုအပ်မယ် လို့ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရခေါ် ဦးညီညီလွင်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမဏ္ဍိုင်ပေါ်မှာ ဒီမိုကရေစီ ဘယ်လောက်ကျသလဲ ဆိုတာ နိုင်ငံရေး အားစမ်းကြရလိမ့်မယ်။ ICC တို့၊ ICG တို့လိုမျိုး၊ HRC တို့လိုမျိုး လုပ်ဆောင်ချက်တွေ လုပ်လိမ့်မယ်။ တရားဥပဒေအတိုင်းပေါ့နော-တရားဥပဒေကတော့ ဘယ်သူ့ရယ်လို့ ဆိုပြီးတော့-တော့ ချွင်းချန်ထား မှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့ ကိစ္စတွေကလည်းပဲ မြန်မာနိုင်ငံလေးတခုတည်းနဲ့ သိကြတာမဟုတ်ဘူး။ တကမ္ဘာလုံး၊ လူသားထုကြီးတခုလုံး သိသွားခဲ့ကြတဲ့ ကိစ္စပဲ။ မေတ္တာကို အကြမ်းဖက်မှုနဲ့ တုံ့ပြန်ခဲ့ကြ တယ်။ မေတ္တာကို ဒေါသနဲ့ တုံ့ပြန်ခဲ့ကြတယ်။ ငြိမ်းချမ်းခြင်းကို အကြမ်းဖက်ခြင်းနဲ့ ဒေါသတွေနဲ့ ရက်စက်ရိုင်းစိုင်းခြင်းနဲ့ တုံ့ပြန်ခဲ့ကြတာတွေ။ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ၊ ရာဇဝတ်မှုတွေအတွက် ထိုက်တန်တဲ့ ဥပဒေ၊ ပုဒ်မတွေ သူတို့ ရင်ဆိုင်ရမှာပါ။ ကျုပ်တို့ အကုန်လုံး ပြစ်ဒဏ် ချခံရ တာတွေရော၊ ဘဝတွေ ပျက်သွားကြတာတွေ။ ကျုပ်ဆိုလည်း အခုထိ ကျန်းမာရေး ဆုံးရှုံးနေတယ်။ ဒီနေ့တောင် မဖြစ်လို့ ကျန်းမာရေးမကောင်းတဲ့ကြားက လာတက်တာ။”

အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မပေါင်း ၁၇ ခုနဲ့ အင်းစိန်ထောင် အထူးတရားရုံးကနေ ပြစ်ဒဏ် ၆၈ နှစ် ချမှတ် အပြစ်ပေးခံခဲ့ရတာပါ။ အရှင်ဂမ္ဘီရကိုတော့ အခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ မြောင်းမြအကျဉ်းထောင်ကနေ တခြား အကျဉ်းသားတွေနဲ့အတူ ပြန်လွှတ်ပေးခဲ့တာပါ။

အရှင်ဂမ္ဘီရဟာ အကျဉ်းထောင်အတွင်း နှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် ရောဂါဝေဒနာတချို့ကို ခံစားနေရပြီး နောက်ဆုံး ကျန်းမာရေးအခက်အခဲကြောင့် လောလောဆယ် လူဝတ်ဘဝနဲ့ ခနထွက်နေနေတာပါ။ နောက်ပိုင်း ကျန်းမာရေးပြန်ကောင်းရင်တော့ ရဟန်းဘဝကို ပြန်ဝင်မယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်းအနားကိုတော့ မူလက ငွေကြာယံကျောင်းတိုက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အကြောင်းကြောင်းကြောင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ ဇေယျ သိဒ္ဓိ ကျောင်း တိုက်မှာ ကျင်းပခဲ့တာပါ။

အခမ်းအနားအတွင်း ရွှေဝါရောင်တော်လှန်ရေးမှာ အသက်ဆုံးရှုံးသွားကြတဲ့ ရဟန်း ရှင်လူတွေ အတွက် မေတ္တာပို့၊ ဆုတောင်းခဲ့ကြတယ်လို့ စစ်တွေမြို့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့သူ ဦးဝိသုတ္တ ပြောပါတယ်။

“အခု ဦးပဇင်းတို့ ရည်ရွယ်ချက်ကတော့ ရွှေဝါရောင်မှာ ပျံလွန်တော်မူသွားတဲ့ သံဃာတော်တွေ၊ နောက်ပြီးတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို မေတ္တာပို့တယ်၊ ဆုတောင်းတယ်။ တမလွန်ဘဝမှာလည်း ဒိထက်မက မြင့်သတထက်မြင့်တဲ့ ဘုံဘဝကို ရောက်ပါစေ ဆိုပြီးတော့ ဆုတောင်းကြတာပေါ့။ ဒါက ပထမပိုင်းပေါ့။ ဒုတိယကတော့ ကျန်ရှိနေသေးတဲ့ ရွှေဝါရောင်နဲ့ ပတ်သက်ပြီးတော့ ရှစ်လေးလုံးနဲ့ ပတ်သက်ပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ သံဃာတော်တွေ၊ ၈ လေးလုံးနဲ့ပတ်သက်တဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ အားလုံး လွတ်မြောက်ပါစေ ဆိုပြီးတော့ ဆုတောင်းပွဲလုပ်တာပဲ။”

အရင် စစ်အစိုးရလက်ထက်အတွင်း သူတို့ကို ဆန့်ကျင်သူတွေကို ဖမ်းဆီး နှိပ်စက်တဲ့ လုပ်ရပ်ဟာ မှားယွင်းတဲ့ အယူအဆဖြစ်တယ်လို့ ဒီကနေ့ ကျင်းပတဲ့ ရွှေဝါရောင် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးက ထောက်ပြပါတယ်။

“ထူးခြားတာကတော့ ရွှေဝါရောင်လှုပ်ရှားမှုက ကျနော်တို့ကို ဖမ်းဆီးကာစ၊ ကျနော်တို့ကို စစ်ကြောရေးလုပ်နေတဲ့ ကာလ အတောအတွင်းမှာ ဖြစ်တာ၊ အဲဒီတော့ ပြီးခဲ့တဲ့ အရင်စစ်အစိုးရက သူတို့စိတ်ထဲမှာ လူထုအုံကြွမှုတွေဖြစ်တယ်၊ ဆန္ဒပြမှုတွေဖြစ်တယ် ဆိုရင် ခေါင်းဆောင် လေး- ငါးယောက်လောက်ကို ဖမ်းလိုက်လို့ရှိရင် ပြီးသွားမှာပဲ၊ ဒီလူတွေရှိလို့ ဒီလှုပ်ရှားမှုတွေ ဖြစ်နေတယ် ဆိုတဲ့ အယူအဆကို တော်တော် စွဲစွဲမြဲမြဲကိုင်ထားတယ်။ တကယ့် လက်တွေ့မှာက အဲဒီလူတွေ ဖမ်းလိုက်လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ရင် ဒီလှုပ်ရှားမှုတွေ က ဆက်ဖြစ်နေတာပဲဆိုတာ ဒါ ရွှေဝါရောင်တော်လှန်ရေးက ဒါ အဓိက မီးမောင်းထိုးပြတာပဲ။”

ရွှေဝါရောင် တော်လှန်ရေးကိုစတင်ဖြစ်ပေါ်စေခဲ့တဲ့ သံဃာတော်တွေက အာဏာပိုင်တွေကို သပိတ်မှောက်ထားတဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုဟာ အခုထိ ရှိနေဆဲဖြစ်ပြီး အာဏာပိုင်တွေဘက်က သပိတ်မှောက်ကံဆောင်ထားတဲ့ သံဃာတော်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီးတော့မှသာ ဒီကံဆောင်မှု ကို ပယ်ဖျက်ပေးမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ၁၀ ချက်ပါ ကြေငြာချက်ကိုလည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ၁၅ ဦး သေဆုံးခဲ့တယ် လို့ အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ပြန်ခဲ့ပေမယ့် တကယ် သေဆုံးသူအရေအတွက်ဟာ အဲဒီထက် အဆပေါင်းများစွာ ရှိတယ်လို့ ဒီအထဲမှာ ပါဝင်ခဲ့ကြသူတွေက ပြောပါတယ် ခင်ဗျား။
XS
SM
MD
LG