သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အမှတ်တရကျင်းပ


ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အခမ်းအနား ရန်ကုန်မှာကျင်းပနေစဉ် ၁၈ စက်တင်ဘာ ၂၀၁၃။
ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အခမ်းအနား ရန်ကုန်မှာကျင်းပနေစဉ် ၁၈ စက်တင်ဘာ ၂၀၁၃။
လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်သွားမှုကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သံဃာတော်တွေဦးစီးပြီး ငြိမ်းချမ်းစွာ စတင်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးနေ့ ၆ နှစ်ပြည့် အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်တွင်းမှာရှိတဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ရေးဆွဲပြီးစီးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ စတင် အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးခဲ့တဲ့ လှုပ်ရှားမှုကြီး ဖြစ်တယ်လို့ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက မိန့်ကြားပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်တဲ့ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးနောက်ပိုင်း အကြီးဆုံး နိုင်ငံရေး လှုပ်ရှားမှုတခုဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးခေါ် ရွှေဝါရောင် လှုပ်ရှားမှုကြီး စတင်ခဲ့တာ ဒီကနေ့ဆို ၆ နှစ် တင်းတင်း ပြည်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတင်မကပဲ ကမ္ဘာကပါ အသိအမှတ်ပြု အံ့အားသင့်သွားစေခဲ့တဲ့ အဲဒီ ရွှေဝါရောင်တော်လှန်ရေးရဲ့ နိုင်ငံရေး အကျိုးအမြတ်ကတော့ အဲဒီအချိန်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအနေနဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ တွန်းအားပေးလိုက်တာပဲ ဖြစ်တယ်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့တဲ့ ငွေကြာယံကျောင်းတိုက်က ဦးဇင်း ဦးအဂ္ဂဓမ္မက ပြောပါတယ်။

“ပြန်ကြည့်တဲ့အခါကျတော့ ဦးဇင်းတို့ ရွှေဝါရောင်တော်လှန်ရေးက အကျိုးရလဒ်က ဘာတွေဖြစ်ခဲ့သလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အရေးပေါ် ရေးဆွဲလိုက်ရတယ်ပေါ့နော်။ အခု အထိုက်အလျောက် လွတ်လပ်ခွင့်လေးတွေ ရလာတယ်။ ပွင့်လင်းလာတယ်လို့ ဦးဇင်းတို့ အဲ့ဒီအကျိုးရလဒ်ကို အဲ့လို ယူဆထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ဒီနှစ်ပေါင်းများစွာထဲမှာ ၈၈ ပြီးရင်၊ နောက်ဆုံး လူထုတွေ အုံကြွမှုက အများဆုံးနဲ့ အကြီးမားဆုံးက အခု ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးပဲလေ။ အဲ့ဒါကြောင့် ဦးဇင်းတို့က ဒီလိုဟာမျိုးတွေ ဖြစ်ပေါ်လာတာက နောက်ဆုံး ရွှေဝါရောင်ကြောင့်လို့ ယူဆထားတယ်။”

“ဦးဇင်းတို့ ပြုပြင်ပြောင်းလဲဖို့ မြင်တာကတော့ အခုဆိုလို့ရှိရင် ဒီမိုကရေစီ အပြည့်အ၀ မရရှိသေးဘူး။ လူ့အခွင့်အရေးတွေ အပြည့်အ၀ မရရှိသေးဘူး။ ပြည်တွင်းငြိမ်းချမ်းရေး တွေ မရသေးဘူးပေါ့။ ဒါတွေ ဒါတွေဟာ ပြုပြင်ဖို့ လိုအပ်နေသေးတယ်လို့ ဦးဇင်းတို့က မြင်ပါတယ်။”

ရှစ်လေးလုံး အရေးတော်ပုံအတွင်း ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရသလောက် ရွှေဝါရောင်တော်လှန်ရေးအတွင်း အသက်ဆုံးရှုံးမှု မကြီးမားပေမဲ့လည်း အများအပြား သေကြေပျက်ဆီးခဲ့ရတာပါ။ ဒါပေမဲ့ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက် ဆင်နွှဲရဦးမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းဇေယျာက ပြောပါတယ်။

“ဒီနေ့ဆိုရင် ကျနော်တို့ ဒီ ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လာတယ်။ လာတဲ့အခါမှာ ကြွရောက်လာကြတဲ့ သံဃာတော်ထုတွေ၊ ပြည်သူလူထုတွေက တက်ကြွတဲ့စိတ်ဓာတ်တွေပေ့ါနော် သူတို့ရဲ့ ကြည်နူးနေတဲ့ မျက်နှာတွေကို မြင်ရတဲ့အခါကျတော့ ကျနော်တို့ တော်လှန်ရေးလုပ်ရကျိုး နပ်တယ်ပေါ့ဗျာ။ ဒါ နံပါတ်တစ်အချက်။ နံပါတ်နှစ်အချက်ကတော့ - ဟုတ်ပြီ ကျနော်တို့ အခုအချိန်မှာ ဒီမိုကရေစီ အကူးအပြောင်းကာလကို ဖြတ်သန်းနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ တနည်းအားဖြင့် ဒီမိုကရေစီအရေ ခြုံထားတဲ့ စစ်အုပ်ချုပ်ရေးကို ခိုင်မြဲအောင် လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲမှာပဲ နေနေရသေးတယ်။ တနည်းအားဖြင့် ပြောချင်တာက ကျနော်တို့ ရွှေဝါရောင် တော်လှန်ရေးဟာ မပြီးသေးဘူး။ ထို့အတူပဲ ၈ လေးလုံး အရေးတော်ပုံ တော်လှန်ရေးဟာလည်း မပြီးသေးဘူး။ ဒါကို ကျနော်တို့ နှစ်လုံးသွင်းဖို့ လိုအပ်တယ်။ အဲ့တော့ ကျနော်တို့ ဆက်ပြီးတော့ သွားရဦးမယ်။ ဘာကို သွားရမလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မဖြစ်မနေ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လို မြန်မြန် ရအောင်လုပ်မလဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး မြန်မြန်ရမှပဲ ငြိမ်းချမ်းရေး မြန်မြန်ရမယ်။ ငြိမ်းချမ်းရေး မြန်မြန်ရမှပဲ ကိုယ့်တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး ခိုင်မာမယ်။ ပြည်ထောင်စုစနစ်ကြီး ပီပီပြင်ပြင် ပေါ်ပေါက်လာမယ်။”

ဒီကနေ့ဟာ ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သလို ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး အာဏာသိမ်းလိုက်တဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်က ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ကောင်းမွန်အောင် လုပ်ဆောင်ကြမလဲဆိုတာ ဒီကနေ့အချိန်မှာ ပြန်ပြောင်း သုံးသပ်သင့်တယ်လို့ မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့က ညှိနှိုင်းဆောင်ရွက်ရေးမှူး ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

“အဓိကကတော့ ဒီ ရွှေဝါရောင် တော်လှန်ရေးကြီးပေါ့ သံဃာထုဦးဆောင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရက် ၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်သလို၊ အခု ဒီနေ့ဆိုလို့ရှိရင် နဝတတဖြစ်လဲ နအဖအစိုးရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၅ နှစ်ပြည့် အခမ်းအနားလည်း ဖြစ်ပါတယ်။ အခု တက်ရောက်လာတဲ့ စုစည်းညီညွတ်သော ပုဂ္ဂိုလ်များရဲ့ ရည်မှန်းချက်အရတော့ ကျနော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်ပေါ့နော် ဘယ်လို အခြေအနေတွေအထိ ကျနော်တို့ နိုင်ငံသားတွေ ပိုင်ဆိုင်ရရှိနေပါပြီလဲ။ တည်ငြိမ်တဲ့ အနာဂတ် အလားအလာတွေအတွက် ကျနော်တို့နိုင်ငံ ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ တပ်မတော်နဲ့ လက်ရှိ အသွင်ပြောင်း အစိုးရအဖွဲ့အစည်းတွေ လုပ်ဆောင်ချက် ဘယ်လောက်အထိ ထိရောက်နေပြီလဲဆိုတာကို ဝိုင်းဝန်းသုံးသပ်ပြီးတော့ အထိမ်းအမှတ်ပြုကြတဲ့ အခမ်းအနားဖြစ်ပါတယ်။”

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးကတော့ ခိုင်မာတဲ့ နိုင်ငံရေးစနစ် ရှိဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြ ပြောဆိုပါတယ်။

“နိုင်ငံတိုင်းမှာ နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာတွေဆိုတာ ရှိနေပါတယ်။ အဲ့ဒါတွေကို ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးစနစ်ပေါ့ ဆိုလိုတာက ဒီမိုကရေစီစနစ်သာ တကယ်ထွန်းကားပြီးတော့ ပြဿနာတွေကို ဒီမိုကရေစီနည်းကျ နိုင်ငံရေးနည်းလမ်းတကျ ဖြေရှင်းနိုင်မယ်ဆိုရင် ဒီလိုမျိုး အာဏာသိမ်းမှုတွေ၊ သွေးထွက်သံယိုတွေ ဖြစ်စရာအကြောင်း မရှိဘူး။ အဲ့တော့ ကျနော်တို့က ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး အခြေခံကောင်းတွေကို ခိုင်ခိုင်မာမာ ချမှတ်ဖို့လိုတယ်။ အဲ့တော့ ဒီ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုတာ အထူးအဆန်း စကားလုံးတွေ မဟုတ်ဘူး။ လက်တွေ့ကျင့်သုံးလို့ရတဲ့ ကျနော်တို့ လွတ်လပ်ရေး ရပြီးခါစကာလတုန်းကလည်း ကျနော်တို့နိုင်ငံမှာ ရှိထားပြီးသား။ ဒီအခြေခံကောင်းတွေကို ဖော်ထုတ်ဖို့နဲ့ ခိုင်ခိုင်မာမာ ချမှတ်နိုင်ဖို့လိုတယ်။ အဲ့သလိုမှမဟုတ်ရင် ဒီနိုင်ငံဟာ ဒီလိုပဲ ဆန္ဒပြမှုတွေ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ အဲ့ဒါတွေနဲ့ပဲ အဆိုးသံသရာထဲမှာ လည်နေပြီး တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကို မရောက်နိုင်ဘူး။”

မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွင်း အသက်ပေးသွားကြသူတွေရဲ့ မိသားစုတွေ၊ အကျဉ်းချခံခဲ့ရသူတွေနဲ့ သူတို့ မိသားစုတွေအပါအဝင် နည်းမျိုးစုံနဲ့ ပေးဆပ်ခဲ့ကြသူတွေရဲ့ဘ၀ ဖွံ့ဖြိုး တိုးတက်ဖို့ အစိုးရအနေနဲ့ ကူညီ ပံ့ပိုးပေးသင့်တယ်လို့ ကိုမင်းဇေယျာက ပြောပါတယ်။
ပခုက္ကူမြို့မှာ ငြိမ်းချမ်းစွာ ပတ္တနိတ္ကုစ္စနကံဆောင် သပိတ်မှောက်ကြတဲ့ သံဃာတော်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိပ်ကွပ်ရာက အစပြုပြီး တခြားမြို့နယ်တွေမှာရှိတဲ့ သံဃာတော်တွေပါ ဆန္ဒပြကြရာက ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီကတည်းက သတ်မှတ်ထားခဲ့တဲ့ ပတ္တနိတ္ကုစ္စနကံဆောင် သပိတ်မှောက်မှုဟာ ဒီကနေ့အထိ အကျုံးဝင်ဆဲဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တောင်းပန်မှသာ သပိတ်လှန်မယ်လို့ ရွှေဝါရောင် သံဃာတော်တွေက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ၆ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနားဟာ ၂၀၀၇ ခုနှစ်က သံဃာတော်တွေ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ခဲ့ကြတဲ့တုန်းကလိုပဲ မိုးတွေ သဲကြီး မဲကြီး ရွာနေတဲ့ကြားမှာ ကျင်းပခဲ့ရတာဖြစ်ပါတယ်။

အခမ်းအနားကို ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာတော်၊ သံဃာတော်တွေအပြင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယက ဦးဝင်းတင်၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာတို့အပြင် စိတ်ဝင်စားသူ ဧည့်ပရိတ်သတ် ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG