သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းကနေ ချင်းပြည်နယ်ဘက် ခရီးမသွားဖို့ ဒေသခံ PDF အဖွဲ့ သတိပေးထား 


ချင်းပြည်နယ်မြောက်ပိုင်း(ဝဲ) နဲ့ စစ်ကိုင်းတိုင်းအနောက်ခြမ်း(ယာ) နယ်စပ်မှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးတဲ့ဒေသများ။
ချင်းပြည်နယ်မြောက်ပိုင်း(ဝဲ) နဲ့ စစ်ကိုင်းတိုင်းအနောက်ခြမ်း(ယာ) နယ်စပ်မှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးတဲ့ဒေသများ။

[[Zawgyi/Unicode]]

လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် စစ်ကိုင်းတိုင်းဘက်ကနေ ချင်းပြည်နယ်ဘက်ကို ပြည်သူတွေ ခရီးသွားတာမလုပ်ဖို့ PDF-Zoland ကသတိပေးထားပါတယ်။ တီးတိန်၊ ဖလမ်းစတဲ့မြို့တွေ ဘက်ကို အသွားအလာမလုပ်ဖို့ သတိပေးထားတာကြောင့် စားရေးသောက်ရေး အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာလည်း မတူပီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးCDF အဖွဲ့တို့ ပစ်ခတ်တိုက် ခိုက်တာတွေရှိခဲ့ပါတယ်။ ချင်းပြည်နယ်ဘက် စစ်ရေးနောက်ဆုံး အခြေအနေ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ ဖလမ်းမြို့နယ်တို့ဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ နေ့စဉ်လို ရှိနေပါတယ်။ ဇန်နဝါရီလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ က စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကောင်စီ တပ်တွေ အင်အားဖြည့်ချီတက်လာတာကြောင့် ချင်းပြည်နယ်ဘက်ကိုပြည်သူတွေခရီးသွားလာတာမလုပ်ဖို့PDF-Zoland က ထပ်မံ မေတ္တာရပ်ခံထားပါတယ်။ ဒါကြောင့် ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကလေးမြို့နယ်ဘက်ကနေ ချင်းပြည်နယ် ဘက်ကို ကားတွေ အသွားလာမရှိဘူးလို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

“တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တယ်ဆိုပြီးတော့ မတက်လာဖို့နော်၊ အဲဒီလိုမျိုး သူတို့ထုတ်ပြန်တာတော့ရှိတယ်။ အခုကားတွေလည်း မသွားဘူးလို့ကြားတယ်။ ဘယ်ကားမှလည်း ကလေးမြို့ကနေလေ-ဟိုဘက်ကနေလည်း ဆင်းလာတာမရှိဘူးပေါ့နော်။”

ချင်းပြည်နယ် တီးတိန်၊ ဖလမ်း စတဲ့မြို့နယ်တွေမှာ နေကြသူတွေအနေနဲ့ အစားအသောက် ကစလို့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကိုစစ်ကိုင်းတိုင်းဘက်က ဝယ်ယူကြရတာဖြစ်ပါတယ်။ ဒါကြောင့် ခုလို အသွားအလာ မလုပ်နိုင်တဲ့ အခြေအနေကြာလာရင် အခက်ခဲရှိလာနိုင်တယ်လို့ အဲဒီကလေးမြို့ခံကပဲ ဆက်ပြောပါတယ်။

“သွားလို့မရဘူးဆိုရင်တော့- ကလေးကနေ တီးတိန်ဘက်ကိုသွားတဲ့လမ်းရယ်၊ ပြီးတော့ ဖလမ်းဘက်ကိုသွားတဲ့လမ်းရယ် ရှိတာကိုး။ ... ဆိုတော့ တီးတိန်၊ ကလေး၊ သိုင်ငင်း၊ ဖလမ်း-သွားတဲ့လမ်းတွေရှိတော့ ခရီးသည်တင်ကားတွေရော ကုန်တင်ကားတွေရော သွားလို့ မရဘူးဆိုတော့- ဒါကရေရှည် အချိန်ကြာဖြစ်လာနိုင်တယ်ဆိုတော့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ တဖြေးဖြေးဖြစ်လာနိုင်တဲ့ အလားလာတော့ရှိတာပေါ့လေ။ ချင်းပြည်နယ်ဘက်က ပြည်သူလူထုတွေ အခက်ခဲတွေတော့ဖြစ်လာနိုင်တယ်ပေါ့။”

စစ်ရေးတင်းမာနေတဲ့ မတူပီမြို့နယ်ဘက်မှာလည်း ဒီနေ့မနက်က စစ်တပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ မင်းတပ်ကနေ မတူပီဘက်ကို စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ကို မတူပီ ချင်းကာကွယ်ရေး အဖွဲ့ CDF ကနေ စတင်ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ CDF ပြန်ကြားရေးတာဝန်ခံ ကိုနေဦးလင်းက ပြောပါတယ်။

“နောက်ဆုံးကတော့နစကတက်လာတဲ့အချိန် သွားကြိုတဲ့သူရှိတာပေါ့နော်။ အဲဒီ ခြေလျင် တပ်ရင်း သွားကြိုတဲ့အခါမှာကျနော်တို့တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့မိုင်းကို နင်းမိတာပေါ့နော။ ဒါပေမယ့် အသေအပျောက်တော့ ကျနော်တို့ မသိသေးဘူးပေါ့နော။ အခု မိုင်းခွဲတဲ့နေရာက မတူပီမြို့ရဲ့အရှေ့ဘက်ပေါ့နော။ လည်မြိုချောင်းဆုံပေါ့နော်။ အဲဒီဘက်မှာဖြစ်ပါ တယ်ခင်ဗျ။”

မနေ့ညနေပိုင်းကလည်း မတူပီ-ပလက်ဝလမ်းဆုံအခြေစိုက် တယ်ဘွေးတပ်စခန်းကိုမတူပီ CDF အဖွဲ့တွေကနေ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကိုနေလင်းဦးက ဆက်ပြောပါတယ်။

“စနိုက်ပါနဲ့ကတော့ တယ်ဘွေးမှာ။ မနေ့က ပလက်ဝလမ်းဆုံမှာရှိတဲ့ တယ်ဘွေးတပ်စခန်းကို ကျနော်တို့ ပစ်ခတ်တာပေါ့နော်။ စနိုက်ပါနဲ့ပစ်တော့ (၃) ယောက်ကျတယ်။ ကျနော်တို့ဘက်ကတော့အထိခိုက်မရှိဘူး။ ပြန်လည်ဆုတ်ခွါ နိုင်တယ်။”

မတူပီဘက်တိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မတူပီဘက်မှာတော့ မနေ့ညကတော့ တယ်ဘွေစခန်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင် နေတဲ့ အဖွဲ့တွေကို အဲဒီ CDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် (၂၅) ယောက်လောက်က ပစ်ခတ်ခဲ့တာတော့ရှိတယ်။ အဲဒီမှာတော့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။”

မတူပီမြို့နယ်မှာ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီးမတူပီ CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ မတူပီမြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းချီလာနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ CDF တွေဘက်က ခန့်မှန်းထားကြပါတယ်။ နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတလျှောက် ကျေးရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ သာစည်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်ကနေ ပစ်ခတ်မှုကြောင့် ရွာသားတဦးသေဆုံး၊ တဦးဒဏ်ရာရပြီး နှစ်ဦးဖမ်းဆီးခံခဲ့ရပါ တယ်။ ချင်းပြည်နယ်က မတူပီမြို့နယ်မှာလည်း ဇန်နဝါရီလ ၆ ရက်က သတ်ဖြတ်ခံထားရတဲ့ အရပ်သား ၁၀ ဦးအလောင်းကို မတူပီ CDF ဘက် က တွေ့ရှိခဲ့တဲ့အတွက် မီးသဂြိုဟ်ခဲ့ကြပါတယ်။ CDF ဘက်က အရပ်သားတွေလို့ ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ သေဆုံးသူတွေဟာ တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ CDF အဖွဲ့ဝင်တွေလို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]
















============

XS
SM
MD
LG