သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းမှာ စစ်ကောင်စီ ဝင်ရောက်ရှာဖွေမှုကြောင့် ဒေသခံတောင်သူတွေ စပါးရိတ်ဖို့ အခက်ကြုံ


မြန်မာ့စပါးရိတ်ချိန် မြင်ကွင်း။ (ယခင်ပုံဟောင်း)
မြန်မာ့စပါးရိတ်ချိန် မြင်ကွင်း။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ဒီပဲယင်းမြို့အနီး ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စပါးရိတ်သိမ်းချိန်မှာ အခုလို တိမ်းရှောင် နေရတဲ့ အတွက်လည်း အခက်အခဲတွေရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်နဲ့ တမိုင်သာသာဝေးတဲ့ မဝဲတော၊ ဝဘာ၊ သပြေသာ၊ မှန်သာ စတဲ့ ကျေးရွာတွေမှာ ဒီဇင်ဘာ ၁၃ ရက်ကစလို့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။

စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“မြို့နဲ့ကပ်လျက်ပေါ့နော် ကျနော်တို့နယ်ဖြစ်တဲ့ ဝဘာ၊ မှန်သာ၊ သပြေသာ အဲ့ဘက်ကို လာတယ်ပေါ့။ ၂ ရက် ၃ ရက်ရှိပြီ။ အဲ့ဘက်ကလူတွေ လွတ်ရာကိုပြေးရတာပေါ့။ စစ်ရှောင်စခန်းတွေ ကျနော်သိသလောက် ၃ ခုလောက်ရှိတယ်။ အဓိက စစ်ဘေးရှောင်အတွက်က စားနပ်ရိက္ခာပေါ့။ စားနပ်ရိက္ခာလိုအပ်တယ်။ ဆောင်အနွေးထည်လိုအပ်တယ်။ သူတို့က မယူနိုင်ခဲ့ဖူးလေ။ ဒီအတိုင်းပြေးရတာ။ ဆေးဝါးကတော့ တအားကြီးတော့ မလိုအပ်သေးဘူး။ အရင်တုန်းက မိုးရွာတုန်းကတော့ ဆေးဝါးပေါ့။ အခုတော့ စောင်တို့၊ အနွေးထည်တို့ပေါ့။ စောင်တို့အနွေးထည်တို့က ကူညီပေးလို့ရတယ်။ စားနပ်ရိက္ခာက မလွယ်ကြဘူးလေ။ အခုမှ ရိတ်သိမ်းတဲ့အခါရောက်မလို့ ရှိသေးတော့ အဲ့ဒါက ခက်ခဲတာပေါ့။”

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ရှာဖွေပြီး ပြန်ထွက်ချိန် ဒီဇင်ဘာ ၁၄ ရက်မှာ ဒေသခံ လူငယ် ၃ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို ဝင်ရောက်ရှာဖွေတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသခံတွေမှာလည်း စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြတာပါ။

စပါးရိတ်သိမ်းချိန်မှာ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေမှာ မကြာခဏဆိုသလို ဝင်ရောက် ရှာဖွေတာနေတဲ့အတွက် စပါးတွေမှာ အမှည့်လွန်ပြီး ရိတ်သိမ်းချိန် ကျော်လွန်နေတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အခုချိန်က ကျမတို့ပတ်ဝန်းကျင်မှာ အဲ့ဒါကို အာရုံမစိုက်အားသေးဘူး။ တချို့လယ်တွေဆိုရင် စပါးကျွမ်းတာ ခေါ်မှာပေါ့နော်။ အမှည့်တွေတောင် လွန်နေပါပြီ။ လူတွေက တချို့ရိတ်တဲ့သူတွေလည်း ထွက်တော့ ရိတ်ကြတယ်။ ကိုယ်နီးစပ်ရာ မိသားစုလေးလိုက်ပေါ့နော်။ အရင်တုန်းက ကျမတို့ ရိတ်သိမ်း ခြွေလှေ့စက်တွေနဲ့ တခါတည်းထိုးပြီး ချည်လိုက်တာ။ အခုဟာက အဲ့စက်တွေကလည်း သိပ်မလိုက်ရဲ ဖြစ်နေတာနဲ့ စက်အခက်အခဲတွေကြောင့်ကော ပြီးတော့ ဒီပဲယင်း ပတ်ချာလည် တဝိုက်က (စစ်ကြောင်း) လှည့်ထိုးနေတာဆိုတော့ အဲ့လို သိပ်မရိတ်ရသေးဘူး။ စက်တွေနဲ့ထိုးမယ်ဆိုရင်တောင် စပါးတွေက အရမ်းကြေနေတဲ့အတွက် အထွက်လျော့မယ့် အနေအထားတွေတော့ ရှိမှာပေါ့နော်။”

ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို ဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်တဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ တိုက်ပွဲပြင်းထန်တဲ့အတွက် နိုဝင်ဘာ ၂၇ ရက်နဲ့ ဒီဇင်ဘာ ၇ တို့ မှာ စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့တာလည်း ရှိပါတယ်။ ဒါ့အပြင် နယ်မြေရှင်းလင်းတဲ့ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလိုလည်း မိုင်းဆွဲ တိုက်ခိုက် ခံနေရတာလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]











==================

XS
SM
MD
LG