သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်၊ ဒီပဲယင်းအနီးရွာတွေက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ


စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲတွေနဲ့ ရွာတွေမီးရှို့ခံခဲ့ရတဲ့ ဒီပဲယင်းနဲ့ဝက်လက် (MIMU)
စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲတွေနဲ့ ရွာတွေမီးရှို့ခံခဲ့ရတဲ့ ဒီပဲယင်းနဲ့ဝက်လက် (MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တချို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာကြောင့် အနီးဝန်းကျင်ရွာတွေက ရွာသားတွေ ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဝက်လက်မြို့နယ်ထဲက တောင်ကုန်းကျေးရွာမှာ တပ်စွဲနေခဲ့တဲ့ စစ်ကောင်စီတပ်တွေ ရွာထဲကနေ ပြန်ထွက်ချိန် နေအိမ်တွေကို မီးရှို့ထားခဲ့တာကြောင့် နေအိမ် ၁၀၀ လောက်မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမြို့နယ်ထဲက မရကန်ရွာကိုလည်း ဒီမနက်က စစ်ကောင်စီတပ်တွေ ဝင်လာပြီး မီးရှို့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်မှုအတွင်း သက်ကြီးသူတချို့ သေဆုံးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက တောင်ကုန်းရွာမှာ မတ်လ ၁၂ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာ ပြန်ထွက်သွားချိန် ရွာထဲက နေအိမ်တချို့ကို မီးရှို့ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက် ၄ နာရီလောက်က မီးလောင်မှုအတွင်း နေအိမ် ၉၆ လုံး မီးလောင်သွားတယ်လို့ မီးငြိမ်းသတ်ပေးခဲ့တဲ့ ရွာသားတဦးက VOA ကို ခုလိုပြောပြပါတယ်။

“အခုက ရွာထဲကိုပြန်လာနေဖို့ကလည်း နေစရာအိမ်မှ မရှိကြတော့တာ။ လက်ရှိ လောလောဆယ် သူတို့ နေတဲ့ နေရာမှာပဲ ဆက်နေရသေးတာပေါ့။ မီးတွေကလည်း အကုန်မငြိမ်းသေးဘူး။ တချို့ကလည်း စပါးတွေ၊ တချို့ကလည်း ပဲတွေ။ တချို့ကလည်း အိမ်တွေ၊ ခုက လေကလည်း တိုက်နေတဲ့ခါကျတော့ ကျနော်တို့ကလည်း ဘေးရွာတွေကို ထော်လာဂျီတွေ အကူအညီတောင်းပြီး ထော်လာဂျီထဲကို မိုးကာတွေထည့်၊မိုးကာထဲကို သောက်ရေကန်ထဲက ရေတွေ ရေစုပ်စက်နဲ့တင်ပြီး ရေစက်နဲ့ပဲ လိုက်ဖြန်းပေးနေရတယ်။ အိမ်ခြေရှိတာက ၁၇၀ ကျော်ရှိတယ်။ ၁၇၀ ကျော်ကို ၉၆ အိမ်လောင်တယ်။”

နေအိမ်တွေ မီးလောင်မှုအတွင်း အသက် ၇၅ နှစ်အရွယ် အဘိုးအိုတဦး မီးလောင်သေဆုံးခဲ့တယ်လို့လည်း ရွာခံတွေက ပြောပြပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာချိန် ရွာလုံးကျွတ်ထွက်ပြေးကြပေမယ့် လမ်းမလျှောက်နိုင်တာကြောင့် ကျန်နေခဲ့ရတဲ့ အဘိုးအိုဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လက်ရှိမှာတော့ မီးလောင်ထားတဲ့ အဘိုးအိုရဲ့ အရိုးတွေကို တွေ့ရပြီး ရွာသားတွေက အရိုးတွေကို ပြန်လည် သိမ်းဆည်း စုစည်းပေးထားတယ်လို့ ပြောပါတယ်။ ဝက်လက်မြို့နယ်ထဲကကို မတ်လ ၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆင်နေတာဖြစ်ပါတယ်။ စစ်တပ်တွေ ဝင်လာတာကြောင့် တောင်ကုန်း ရွာနဲ့ အနီးဝန်းကျင် ၁၂ ရွာထက်မနည်းက ရွာသူရွာသား သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်တွေ တောင်ကုန်းရွာကနေ ပြန်ထွက်သွားကြပြီဖြစ်ပေမယ့် နောက်တကြိမ်ပြန်ဝင်လာ တာ မျိုး ဖြစ်မှာစိုးတာကြောင့် တချို့ကတော့ ရွာက နေအိမ်တွေမှာ ပြန်မနေကြသေးဘူးလို့ ပြောပါတယ်။ လက်ရှိမှာ တောထဲမှာ ပုန်းခိုနေကြရတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို စစ်ရှောင်တဦးက ခုလိုပြောပြပါတယ်။

“စစ်ကြောင်းထိုးတာ ၇ ရက်ရှိပြီ။ ၇ ရက်ရှိပြီပေါ့ ပြေးနေရတာ။ ကိုယ်တို့ အရပ်ဒေသက ထန်းပင်ပဲ များတာ။ ထန်းပင်ပဲများတော့ အရိပ်ရပင် သိပ်မရှိဘူး နည်းတယ်။ ကွင်းပြင်မှာပဲ အိပ်ကြရတာ များတယ်။ စားရေးသောက်တာကတော့ အတော်ခဲယဉ်းတာပေါ့။ ရေကကျတော့ နေကဒီလောက်ပူတော့ သိပ်ဒုက္ခရောက် တာပေါ့။”

စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဝက်လက်မြို့နယ်ထဲက ရုံးပင်ကုန်း၊ ဖိုလ်ဝင်းတက်၊ မင်းကုန်းလေး၊ နဘဲပင်လှ၊ ကန်ဘဲ့၊ ဇီးဖြူကုန်း၊ ဘူးဘကန်၊ ညောင်ကန်၊ အင်းဘဲကြီး၊ ရွေကျင်၊ သန်းချပ်၊ ဇီးဖြူကျင်း၊ ဆားတောင်နီနဲ့ တောင်ကုန်းရွာတို့က ရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။ ရွာသားတချို့ကတော့ ရွာထဲ ပြန်လာနေသူတစ်ချို့ ရှိပေမယ့် ပြန်မလာရဲသေးသူတွေလည်း ရှိပါတယ်။ နေရပ်မပြန်ဘေးဘဲ ပုန်းရှောင်နေကြသူ ၃,၀၀၀ ကျော်ဝန်းကျင်လောက် ရှိနေသေးပြီး သူတို့ကို စားသောက်ရေး အဆင်ပြေစေဖို့ ကူညီဆောင်ရွက် ပေးနေတဲ့အကြောင်း အကူအညီပေးနေသူတဦးက ခုလိုပြောပါတယ်။

“စားရေးသောက်ရေးကတော့ လောလောဆယ် ကျနော်တို့ အဖွဲ့လေးတွေပေါ့ဗျာ။ အကုန်လုံး နီးစပ်ရာ ရွာလေးတချို့ကလည်း ခေါ်ပြီးထားကြတယ်။ တချို့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေထဲမှာလည်း (နီးစပ်ရာ စစ်ဘေးမရှောင်ရသေးတဲ့ရွာတွေ) စစ်ရှောင်ပြည်သူတွေအတွက်ဆိုပြီးတော့ ထောက်ပံ့ပြီး ပြုစုစောင့်ရှောက်ပြီးတော့ ထားကြတယ်။ ရေအတွက်ကျတော့လည်း ထော်လာဂျီနဲ့ ပို့ပေးကြတာပေါ့။”

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက မရကန်ရွာမှာလည်း ဒီကနေ့ မတ်လ ၁၈ ရက် မနက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့ခဲ့တာကြောင့် အသက် ၉၀ ကျော် အဘိုးအိုတဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“ဒီတိုင်းပဲ ပြည်သူတွေကလည်း သူတို့လာတယ်ဆိုတော့ ပြေးတယ်။ ရွာတွေကနေ ရှောင်ပြေးကြတယ်။ သူတို့တွေက မနက်ခင်းမှာ ဝင်တယ်။ ဝင်ပြီးတော့ ၉ နာရီလောက်မှာပေါ့နော်။ ဝင်လာပြီး မီးရှို့တယ်ပေါ့နော်။ မရကန်ကျေးရွာ အခြေအနေက နေအိမ် ၈ လုံး မီးရှို့ခံရတယ်။ ၂ လုံး မီးဟပ်ခံရတယ်။ ၉၀ ကျော် အဘိုးအိုတဦး မီးထဲပါသွားတယ်။ ၉၀ ကျော်အဘိုးအိုဆိုတော့ သိတဲ့အတိုင်းပဲ သူတို့ကလည်း မလုပ်လောက်ဘူးလို့ ထင်တာပေါ့။ အဲ့ဒီနေရာကိုလည်း မလုပ်လောက်ဘူးလို့ ထင်တာပေါ့။ သူက ရှောင်ဖို့လည်း မလွယ်ဘူးဆိုတော့ သူတို့မိသားစုတွေကလည်း ထားခဲ့ပုံရပါတယ်။ အဘိုးအိုဆိုတော့ မလုပ်လောက်ဘူးလို့ ထင်တာနေမှာပေါ့။ မီးရှို့တဲ့ခါကျတော့ သူတို့ရှို့တာတွေနဲ့ လောင်ပြီးတော့ ပါသွားတယ်။”

လက်ရှိအချိန်မှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းက မြို့ကြီး ၄ မြို့ကလွဲပြီး ကျန်မြို့နယ်တွေကို အင်တာနက် ဖြတ်တောက်ထားပြီး အချို့နေရာတွေမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ဘေးဒုက္ခသည်အဖြစ် ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

ဝက်လက်၊ ဒီပဲယင်းအနီးရွာတွေက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ












=================

XS
SM
MD
LG