သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၂-ပွင့်ဆိုင် စစ်ကိုင်းတိုင်း လွှတ်တော် တောင်းဆို


နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့ ၁၄ပွင့်ဆိုင် နိုင်ငံထိပ်သီး ဆွေးနွေးပွဲ (အောက်တိုဘာ ၃၁၊ ၂၀၁၄)
နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတဲ့ ၁၄ပွင့်ဆိုင် နိုင်ငံထိပ်သီး ဆွေးနွေးပွဲ (အောက်တိုဘာ ၃၁၊ ၂၀၁၄)

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် တခဲနက် အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးအစား ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ အဆိုကိုတော့ ချင်းတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးနိုးထန်ကပ်က အရေးတကြီး အဆိုအဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ တင်သွင်းပြီး လွှတ်တော်က ကန့်ကွက်မဲမရှိ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ ၂ ဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲအစား တိုင်းရင်းသား အင်အားစုတွေကို ကိုယ်စားပြုမှု ပိုမို ပါဝင်မယ့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု နဲ့ အစားထိုး လုပ်ဆောင်ဖို့ သူ့အနေနဲ့ အဆိုပြု တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီ ဥက္ကဌ ဦးနိုးထန်ကပ်က ပြောပါတယ်။


"ကျနော် ကိုယ်တိုင် အဆိုတင်သွင်းတာပါ။ အရေးကြီးအဆိုပေါ့။ ကန့်ကွက်သူ တစ်ယောက်မှ မရှိဘူး။ တခဲနက် ထောက်ခံတယ်။ အဆိုတင်သွင်းရခြင်းသည် အကြောင်းရင်းကတော့ တိုင်းရင်းသားကနေ တစ်ယောက်တည်း ကိုယ်စားပြုတယ် ဆိုတာ ပြီးပြည့်စုံမှု မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက တနိုင်ငံလုံး တိုင်းရင်းသား အားလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ ချင်းတိုင်းရင်းသားပါတီ တခုအနေနဲ့ ရှင်းရှင်းပြောမယ်ဆိုရင် တိုင်းရင်းသား ရှု့ထောင်နဲ့ ကြည့်မယ်ဆိုရင်တော့ သမ္မတကြီးမှ အစ၊ ဒေါ်အောင်ဆန်းစုကြည်မှ အစ တပ်ချုပ်ကြီးမှ အစ ပြည်သူနဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတွေမှ အစ။ ဗမာတိုင်းရင်းသား သူတို့ကိုယ်စားပြုတယ်။ ဗမာ တိုင်းရင်းသား ငါးဦးက ကိုယ်စားပြုပြီးတော့ ကျန်တဲ့တိုင်းရင်းသား တစ်ယောက်တည်း ကိုယ်စားပြုတယ်ဆိုတော့ သဘာဝ မကျဘူးလို့ မြင်တယ်။"

မေး။ ။ တခြားခြောက်ပွင့်ဆိုင်တို့၊ လေးပွင့်ဆိုင်တို့စာရင် ဒီဟာက ဖြစ်နိုင်ချေရှိ တယ်လို့ထင်သလား။ ဘယ်လို ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ အဆိုတင်သွင်းတဲ့သူ အနေနဲ့ ။

" ကျနော့် ခံစားချက်ကတော့ ဒါ ဒီလိုပုံစံမျိုး လုပ်မယ်ဆိုရင် အောင်မြင်နိုင်မယ်ဆိုရင် ကျနော်တို့ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ကိစ္စမှ အစပေါ့လေ။ နောက်ဖွဲ့စည်းပုံ အခြေခံတို့ ပြင်ဆင်ရေးမှ အစ ပိုပြီးတော့ ပြီးပြည့်စုံနိုင်မယ်လို့ထင်တယ်။ တိုင်းရင်းသားပေါင်းစုံ ကလည်း ကျေနပ်မှု ရှိနိုင်မယ်လို့ ကျနော်ကိုယ်တိုင်ကတော့ ယုံကြည်ပါတယ်။"

မေး။ ။ ဒီဆယ့်နှစ်ပွင့်ဆိုင် တွေ့ဆုံရေးတို့ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတို့၊ လေးပွင့် ဆိုင်တွေ့ဆုံရေးတို့ ပြောနေကြတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးရေးတွေမှာ ဘာတွေကို ဆွေးနွေးကြမယ်ဆိုတာ ခေါင်းထဲမှာ ရှိပါလားဗျ ကြိုတင်ပြင်ဆင်ထားတာ ရှိပါသလားဗျ။ သဘောက ဆယ့်နှစ်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ပြီးတော့ မြန်မာ့နိုင်ငံရေး ကို ဖြေရှင်းကြ မှာလား။ ဘယ်လိုပုံစံ သွားကြမှာလဲ။"

"မြန်မာ့နိုင်ငံ ပြဿနာက ဖွဲ့စည်းပုံ အခြေခံဥပဒေက အဓိက သော့ချက်လို့ ကျနော် မြင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တန်းတူ ညီမျှမှုတို့ လူမျိုးမကွဲ၊ ဘာသာမကွဲ အတူတူနေထိုင်ဖို့ အာမခံချက် ပေးနိုင်တဲ့အရာက ဖွဲ့စည်းပုံ အခြေခံဥပဒေလေ။ ဆိုတော့ ဆယ့်နှစ်ပွင့်ဆိုင်မှာ ပြောရမယ်။ ဆိုရမယ်။ တိုင်ပင်ရမယ့်ကိစ္စ၊ သူတို့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်နေတယ်။ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မှာလည်း ကျနော် ချင်းတိုင်းရင်းသား တစ်ဦးအနေနဲ့ ကျနော် သုံးသပ်တာက အဓိကကတော့ အထူးသဖြင့် ပြည်နယ်တွေနဲ့ ဗဟိုပေါ့ ကြားမှာ Power Sharing က အာဏာခွဲယူတဲ့ကိစ္စကို ကျနော်တို့ အဓိက ထားပြီးတော့ ဆွေးနွေးသင့်တယ်လို့ ကျနော်မြင်တယ်။ ပြင်လည်း ပြင်ဆင်ထားပါပြီ။"

ဦးနိုးထန်ကပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ်တဦးဖြစ်တဲ့အပြင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ လည်း ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အဓိက အရေးပါတဲ့အချက်လို့ အများစုက လက်ခံထားကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အခုလို ၄ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင် စသည်ဖြင့် အမြင် အယူအဆ အမျိုးမျိုးနဲ့ တောင်းဆိုနေကြတာတွေ က အမှန်တကယ် ဆွေးနွေးပွဲဖြစ်ရေး အတွက် နှောင့်နှေး ကြန့်ကြာစေတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ယူဆသူတွေရှိသလိုပဲ အခုလို လုပ်ဆောင်မှုတွေက တိုင်းဒေသကြီးလွှတ်တော်တွေ က ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်နေတယ်လို့ မြင်တဲ့သူတွေလည်း ရှိနေတာပါ။

၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာလည်း အရေးကြီး အဆို တင်သွင်းပြီး ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အတည်ပြုပေးလိုက်ပြီး ဖြစ်ပါတယ်။

၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုပြုချက်ကိုတော့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကြံခိုင်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးမြင့်ထွန်းက နိုင်ဝင်ဘာလ ၂၅ ရက်နေ့က အဆိုတင်သွင်းခဲ့တာမှာ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်ပြီး ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည် အဆိုပြုထားတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အစား ပိုမို ပြည့်စုံအောင် တိုင်းရင်းသားတွေနဲ့ တခြား နိုင်ငံရေးအင်အားစုတွေပါ ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုမျိုး ပြုလုပ်လိုကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းအတွင်း သမ္မတ ဦးသိန်းစိန်က ပြောကြားထားပြီး ဖြစ်ပါတယ်

XS
SM
MD
LG