သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့ PDF စခန်းကို စစ်ကောင်စီတပ်ဝင်စီး


စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ထဲကကျေးရွာတွေမှာ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ထားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ဖမ်းဆီးခံထားရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကနေ မိုင် ၂၀ လောက်အကွာမှာရှိတဲ့ နဂါးဗွက်ကျေးရွာအနီး တောထဲက ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စခန်းတခုကို စစ်ကောင်စီတပ်တွေက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ခဲ့ကြသလိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်းပါတယ်လို့ ပြောပါတယ်။

“တမြန်မနေ့ ၁၄ ရက်နေ့က ထိုးစစ်တက်လာပြီးတော့မှ PDF တပ်ဖွဲ့နဲ့တွေ့ပြီးတော့မှ သူပစ်ကိုယ်ပစ် ပစ်ကြတာ။ အဲ့တုန်းက ဘယ်သူ့ဘယ်သူမှ မထိဘူး။ မနေ့က တနေကုန် ငြိမ်နေတယ်။ ဒီနေ့ ၁၆ ရက် မနက်အစောကြီးမှာ နဂါးဗွက်ရဲ့ အနောက်ဘက်မှာ ရွှေရည်ကန်တောရ (ဘုန်းကြီးကျောင်း) ဆိုတာရှိတယ်။ စခန်းကို သူတို့မနက်အစောကြီး ဝင်သိမ်းပြီးတော့မှ ဝင်စီးတဲ့အချိန် သူတို့က ရုတ်တရက် ရှောင်တခင် ထွက်ပြေးရတော့ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ၈ ယောက် အဖမ်းခံထားရတယ်။ လူ ၈ ယောက် ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့ PDF က သူတို့ကို ဝိုင်းထားလို့ လမ်းဖွင့်ပေးဖို့ တောင်းဆိုတယ်လို့ ကျနော် ကြားသိရတယ်ခင်ဗျ။ အပေးအယူလုပ်နေတယ်လို့ သိရတယ်။ လမ်းဖွင့်ပေးဖို့ တောင်းဆိုတဲ့အချိန်မှာ ဒီဘက်ကလည်း သူတို့လူ ၈ ယောက်ကို ပြန်လွှတ်ပေးရင် ဖွင့်ပေးမယ်ပေါ့ဗျာ။ အရင်ဖွင့်ပေးပါ၊ အရင်ဖွင့်ပေးရင် လွှတ်ပေးမယ် ပြောတော့ ဒီဘက်ကလူတွေက မယုံတော့ အခုချိန်ထိ လမ်းမဖွင့်ပေးဘဲ ပိတ်ထားတုန်းလို့ သိရတယ်။”

ကလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကတော့ သူတို့ရဲ့ တပ်ရင်း ၃ ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး ဆေးတပ်သား အမျိုးသမီးရဲဘော် ၈ ယောက်ထက်မနည်း အပါအဝင် အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အခုလို မနက်ပိုင်းကတည်းက ၂ ဘက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် ကလေးမြို့ဘက်ကနေ နဂါးဗွက်ရွာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေနဲ့လည်း ကလေးမြို့နဲ့ ၅ မိုင်ခန့်ဝေးတဲ့ ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကလေးမြို့ခံ တဦးကပြောပါတယ်။

“ကလေးမြို့တောင်ဘက် GTC ကျောင်းရှိတဲ့ လမ်းကနေ သွားရင်ရောက်တယ် နဂါးဗွက် ရွာတို့ မြို့ကြီးကုန်းရွာတို့ကို ၂ ဘက်ဝိုက်တဲ့ပုံစံမျိုးပေါ့။ PDF စခန်းတွေကို အဲ့လိုဝိုက်ပြီး ပစ်ကြတဲ့ ပုံစံမျိုးဖြစ်တယ်။ ထပ်ကြားရတာတော့ အင်တိုင်းကုန်းရွာထဲမှာလည်း ပစ်ခတ်သံတွေကြားရတယ်ပေါ့။ မြို့နဲ့တော့ နည်းနည်း လှမ်းတယ်။ တအားကြီးတော့ မဝေးဘူး။ အများဆုံးဝေးရင် ၅ မိုင်လောက်ပဲ ဝေးမှာပေါ့နော်။ မြို့ပေါ်မှာတော့ ဘာမှ မဖြစ်ဘူး။ သွားလာလှုပ်ရှားနေကြတယ်။”

ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းတခုကို စစ်တပ်က သိမ်းတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အခုလ နိုဝင်ဘာ ၃ ရက်ကစလို့ ကလေးမြို့ မြစ်သာမြစ် အနောက်ဘက် ကျေးရွာတွေဖြစ်တဲ့ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ ပစ်ခတ် တာကြောင့် နေအိမ်တွေ မီးလောင်ခဲ့ရပါတယ်။

အဲဒိနောက် နိုဝင်ဘာ ၁၃ ရက်မှာလည်း မြစ်သာမြစ် အရှေ့ဘက် ကျေးရွာတွေဖြစ်တဲ့ အင်းကျော်၊ ဥယျာဉ်၊ အုတို စတဲ့ကျေးရွာတွေမှာ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီက ကလေးမြို့ အနီးက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းတာတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


============

{{Unicode}}












============

XS
SM
MD
LG