သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့တိုက်ခိုက်ကြောင်း ဒေသခံများပြောဆို


စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်များ (ယခင်ပုံဟောင်း)
စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်များ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့မှာ စစ်ကောင်စီက ဒီရက်ပိုင်း ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နတ်ချောင်းကျေးရွာဘက်မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်တာပါ။ ခုလိုတိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ စစ်ကိုင်းဘက်ကအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေ အင်အားအမြောက်အများနဲ့နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ လေကြောင်းကနေပါ တိုက်ခိုက်တာမျိုး အခုရက်ပိုင်း ဆက်တိုက်လုပ်နေတဲ့သတင်းတွေ ထွက်နေတာပါ။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အနောက်ဘက်က နတ်ချောင်းရွာထဲ ဗုဒ္ဓဟူးနေ့ကတည်းက ဝင်ရောက်ရှာဖွေ တပ်စွဲထားပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ နတ်ချောင်း ကျေးရွာသားတဦးက ပြောပါတယ်။

“မနေ့က ၅ နာရီခွဲလောက်မှာ နတ်ချောင်းရွာကို ရောက်လာတယ်။ ရောက်လာပြီးတော့ သူတို့ နာမည်ပါတဲ့သူတွေကို အိမ်တွေကို နာမည်စာရင်းနဲ့လာပြီးတော့ အိမ် ၆ အိမ်လောက် ဝင်မွှေတယ်။ ကျနော်တို့သိရသလောက် ၄ ယောက်ဖမ်းသွားတယ်။ ၄ ယောက်ဖမ်းသွားပြီးတော့ စာသင်ကျောင်းမှာ တပ်စွဲလိုက်တယ်။ ညနေပိုင်းမှာ။ ဒီမနက် ၁၀ နာရီခွဲမှာ စပစ်တယ်။ အဖွဲ့ပေါင်းစုံနဲ့ တိုက်ကြတာပေါ့။ သူတို့ ၆၀ မမနဲ့လည်းထုတယ်။ ၄၀ မမလည်းပါတယ်။ အခု ၃ နာရီလောက်က ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ရှိပြီ ပစ်နေတာ။ ရွာထဲကအိမ်တွေက လက်နက်ကြီးတွေကျပြီခင်ဗျ။ အားလုံးလည်း လွတ်ရာကို ပြေးနေကြရတယ်။ နောက်ပြီးတော့ ဒီရွာကလည်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ တရစပ်ပစ်နေတာဆိုတော့ ဘယ်သူမှ မနေရဲကြတော့ဘူးလေ။ နောက်ပြီးတော့ အခြေအနေက အားလုံးပြီးမှပဲ ကြည့်လို့ရမှာ။”

ဒီနေ့ ညနေ ၅ နာရီခွဲလောက်မှာနတ်ချောင်းကျေးရွာက နေအိမ်အချို့ကို စစ်ကောင်စီက မီးရှို့ခဲ့လို့ အိမ်တချို့ မီးလောင်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ကလေးမြို့နယ် နတ်ချောင်းကျေးရွာထဲမှာ ပစ်ခတ်မှု ဒီနေ့ရှိပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်မလုပ် ဆိုတာ မသိရသေးဘူးလို့စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ကလည်း နတ်ချောင်းကျေးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ကျေးရွာထဲက နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့တာရှိသလို အရပ်သား သေဆုံးတာတွေလည်းရှိခဲ့ပါသေးတယ်။

တဆက်တည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာလည်း စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းက ပစ်ခတ်သံတွေကို ပုလဲမြို့ပေါ်ကနေအထိ ကြားရကြောင်း ဒေသခံတဦးက ပြောပါတယ်။

“မကျည်းခွဘက် ညောင်ကုန်းဘက် ကံပေါက်ဘက်ပေါ့။ ပုလဲရဲ့အနောက်မြောက်ကနေ တက်သွားတာ။ ဘယ်အချိန်လောက်ကလည်းဆို ကျမခန့်မှန်းတာ ၁ နာရီခွဲ ၂ နာရီခွဲလောက်က အပေါ်ကနေပစ်တာ ကျမတို့ အသံတွေပဲကြားရတယ်။ ပုလဲမြို့ထဲကို ကျမတို့ ပုလဲမြို့ထဲကို အသံတွေကြားနေရတယ်။”

ပုလဲမြို့ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပုလဲကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်နေပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကျွန်းလှမြို့ အနောက်ဘက်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရှိနိုင်တယ်ထင်တဲ့နေရာတွေကို စစ်တပ်က မြေပြင်ကနေရော ဝေဟင်ကနေပါ စီးနင်းတိုက်ခိုက်ခဲ့သလို ကန်းစွန်းအင်းကျေးရွာကို ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်ခဲ့လို့ ဒေသခံ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ဒီဇင်ဘာ ၁၇ ရက်ကစလို့စစ်တပ်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာ ၄ ကြိမ်ရှိခဲ့ပါပြီ။ အရပ်သားတွေရှိတဲ့ ကျေးရွာတွေမှာ မကြာခဏဆိုသလို လေကြောင်းကနေတိုက်ခိုက်ပေမယ့် ဒီလိုတိုက်ခိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒီဇင်ဘာ ၁၇ ရက်က ဂန့်ဂေါခရိုင် နှမ်းခါးရွာ ရပ်ရွာခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေချိန်မှာ စစ်ကောင်စီတပ်တွေဟာ ရဟတ်ယာဉ်တွေအပါအဝင် အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီကတော့ သေဆုံးသူ ၆ ဦး ရှိတယ်လို့သာ သတင်းထုတ်ပြန်ခဲ့ပြီး လေကြောင်းကနေ တိုက်ခိုက်တာကိုတော့ ထည့်သွင်းဖော်ပြတာမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]















==============

XS
SM
MD
LG