သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းပုလဲမြို့နယ်တွင်း ဒေသခံ PDF က စစ်ယာဉ်တန်းကိုမိုင်းခွဲ


myanmar reinforcement
myanmar reinforcement

Zawgyi/Unicode

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက ဒေသခံကာကွယ်ရေး ပုလဲ PDF က စစ်ယာဉ်တန်းတခုကို ဒီနေ့ မနက်က မိုင်းခွဲတိုက် ခိုက်ခဲ့ပါတယ်။ မိုင်းခွဲမှုအတွင်း စစ်ကားတချို့ပျက်စီးသွားတယ်လို့ ပုလဲ PDF အဖွဲ့ဘက်ကပြောပါတယ်။ အဲဒီဒေသဘက်ကို စစ်တပ်က အင်အားဖြည့်နေတာနဲ့အတူ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက အပြည့်အစုံ တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို ရရာလက်နက်စွဲကိုင်တိုက်နေတဲ့ ပြည်သ့ူကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား မေလလောက်ထဲက စတင် တိုက်ပွဲတွေဖြစ်နေတာပါ။ သြဂုတ်လပိုင်းလောက်ကစပြီး စစ်တပ်ပိုင် တာဝါတိုင်တွေ မိုင်းခွဲတာ၊ စစ်ကားတွေ မိုင်းခွဲတိုက်ခိုက်တာတွေကို ဒေသခံကာကွယ်ရေးတပ်တွေ လုပ်လာခဲ့ပါတယ်။ စစ်တပ်ဘက်ကလည်း အဲဒီဒေသဘက်ကို အင်အားတွေ တိုးမြှင့်ချနေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က အောက်တိုဘာ ၂ ရက်နေ့ကစပြီး စစ်ယာဉ်တန်းတွေကို မိုင်းခွဲတိုက်ခိုက်နေတယ်လို့ ပုလဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်နဂါးက VOA ကိုပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၄ ရက်မှာတော့ စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာအနောက်ဘက် ပိတောက်ကုန်းလမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ (ခ) ကိုးလောင်ပြိုင်ကွေ့မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သူကပြောပါတယ်။

“စစ်ကောင်စီယာဉ်တန်းကား ၈၀ ကျော် မောင်းနှင်လာတုန်း ကြားဖြတ်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာ။ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊ ပုလဲမြို့နယ်ကရဲဘော်တွေ လုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတာက ရက်အတော်ကြာသွားပြီ။ D Day မစခင် မတိုင်ခင်ကတည်းက တိုက်ပွဲတွေဖြစ်နေတယ်။ မနေ့ကလည်း သူတို့က အကျဆုံးများသွားတော့ အမြောက်ကားကြီးတွေအပါအဝင် လက်နက်ရိက္ခာတော်တော်များများ ကားတန်းတွေနဲ့ ဒီနေ့ မနက်တက်လာတယ်။ ကျနော်တို့ကလည်း နောက်ထပ်တက်လာရင် ပြင်ထားဖို့ ပွိုင့်တွေရှိတယ်။ ဒါပေမယ့် အဲဒီလောက်များမယ်မထင်ဘူး။ စစ်အင်အားက။ ကျနော်တို့ရဲဘော်တွေက မိုင်းတွေစုပြီး အတန်းအရှည်ကြီး ဆင်ထားတယ်။ ဒါပေမယ့် တချို့ရဲဘော်တွေက မဆွဲရဲဘူး။ မဆွဲရဲဘူးဆိုတာကတော့ ဒီကောင်တွေဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်တာများနေတယ်။ အင်အားကလည်း အဆမတန်များနေတော့ တချို့အဖွဲ့လေးတွေက ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်နဂါးလက်အောက်က ဗိုလ်ပေကြီးဦးဆောင်တဲ့ တပ်စိပ် ၁၁ ယောက်အဖွဲ့က အကုန်လုံး သူများထွက်ပြေးပြီး မဆွဲဖြစ်ဘဲ ချန်ထားခဲ့တဲ့မိုင်းတွေအားလုံးကို တန်းစီးခွဲတာ။ ၂၇ လုံး ခွဲလိုက်ပြီး ကား ၅ စီးထိခိုက်ပျက်စီးသွားတယ်။ စစ်ကောင် စီဘက်က တော်များများတပ်သားတွေလည်း သေကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အနေအထားလည်း ဖြစ်သွားတယ်။”

သူ့ပြောကြားချက်နဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။ စစ်ကောင်စီဘက်ကိုလည်း ဒီသတင်းနဲ့ ပတ်သက်လို့ ဗီအိုအေက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တုံ့ပြန်မှု မရခဲ့ပါဘူး။ အဲဒီဒေသမှာ အင်တာနက်တွေ ပြတ်တောက်နေတာကြောင့်ယာဉ်တန်းမိုင်းခွဲမှုနဲ့ပတ်သက်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေကိုလည်း မတေ့ွရသေးပါဘူး။

ပုလဲမြို့နယ်အတွင်းက ဒေသခံကျေးရွာသားတွေကို မေးကြည့်ခဲ့ရာမှာတော့ မနေ့ကနဲ့ ဒီနေ့မှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းခွဲတိုက်ခိုက်ခံရတယ်ဆိုတာကို အတည်ပြုနိုင်တယ်လို့ ပြောပါတယ်။

“ပုံတောင်ပုံညာဘက်ကို စစ်ကူတက်လာတဲ့ကားတန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ပွဲဖြစ်တာတွေရှိတယ်။ တိုက်ပွဲ ၂ နေရာပေါ့။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့မှာလည်း ကားတိမ်းမှောက်ဖူးတဲ့ ကိုးလောင်းကွေ့ဆိုတဲ့နေရာမှာ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ကား ၅ စီးထိမှန်တယ်လို့သိရတယ်။”

ဒေသခံပျောက်ကြားတပ်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်မူကြောင့် စစ်ကောင်စီယာဉ်တန်းကြီးဟာ နဂါးမတောင်ဘက်မှာ ရပ်တန့် နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲဒီဘက်က ဒေသခံပြည်သူတချို့က ဒေသခံပျောက်ကြားတပ်ဖွဲ့တွေအတွက် တတ်နိုင်သလောက် ပံ့ပိုးကူညီနေကြတယ်လို့လည်းပြောပြပါတယ်။

“ကလေးတွေရဲ့လိုအပ်ချက်တွေကို ဒေသခံတွေ၊ ရင်ဘတ်တူရာ မိဘပြည်သူတွေက သင်တန်းအတွက် ဆေးဝါးရိက္ခာအထောက်အပံ့တွေ ပေးတယ်။ လက်နက်ထုတ်လုပ်ဖို့အတွက် တချို့ဆိုရင် တိုက်ပွဲဝင်တဲ့ကလေးတွေက ယမ်းတွေ သုံးလေး ပစ်စာလောက်နဲ့ကို အသက်စွန့်ပြီးတိုက်ပွဲဝင်နေတာ ယမ်းလိုအပ်တဲ့ကလေးတွေကို ယမ်းမျှဝေပြီး ကူညီနေတာမျိုး သက်ဆိုင်ရာ PDF တွေကို တတ်နိုင်သလောက် ပံ့ပိုးကူညီတာမျိုးလုပ်တဲ့ဘက်ကပေါ့။”

မိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်လို့ တပ်ဖွဲဝင်တဦး မနေ့က သေဆုံးခဲ့တယ် လို့ ပုလဲ PDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကနီ၊ ယင်းမာပင်၊ ပုလဲစတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေပြီး အခုရက်ပိုင်း စစ်ကိုင်းတိုင်းဘက်ကို စ စ်တပ်တွေ အလုံးအရင်းနဲ့ ဝင်ရောက် နေရာယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


======

Unicode












#MyanmarMilitaryCoup #MyanmarViolence #VOABurmese

XS
SM
MD
LG