သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း မင်းကင်းမြို့နယ်တွင်းတိုက်ပွဲဖြစ်ပွား


စစ်ကိုင်းတိုင်းအတွင်း လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)
စစ်ကိုင်းတိုင်းအတွင်း လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ တန့်ဆည်မြို့မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံနေရတာ ရှိနေပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။ တောင်းတွင်းဒေသ ပိတ်ခယား ကျေးရွာကို စစ်ကောင်စီတပ်တွေ လာရောက်ချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ မင်းကင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဖြစ်တယ်။ ဒီနေ့ဆိုရင် တိုင်းဒေသကြီး ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်နေအိမ် မီးရှို့ခံရတယ်။ ပိတ်ခယားကျေးရွာ ကားလမ်းမဘေးမှာရှိတဲ့ လက်ရှိအရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းလွင်ရဲ့ နေအိမ်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို မီးရှို့တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်ရဲ့အိမ်ကို လာမယ်ဆိုတာသိလို့ မိုင်းခင်းပြီးစောင့်နေတာ။ စောင့်နေတဲ့အချိန် ပထမပွိုင့်မှာတင် တိုက်မိုင်း ၅ လုံး ပဒေသာခွဲလိုက်တာ ကွဲသွားတယ်။”

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပေမယ့် ဗွီအိုအေကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။ မနေ့ ဒီဇင်ဘာ ၁၄ ရက် ကလည်း တောင်တွင်းဒေသမှာရှိတဲ့ သစ်ခေါင်းတီးကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါက စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နယ် တောင်းတွင်းဒေသအခြေအနေပါ။ တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက တန့်ဆည်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက ဒေါင့်ကြီးကျေးရွာမှာလည်း စစ်ကောင်စီနဲ့နီးစပ်တယ်လို့ စွပ်စွဲခံရသူတဦး သတ်ဖြတ်ခံရပြီးနောက် ကျေးရွာအနီးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေကို တန့်ဆည် PDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ဒေါင့်ကြီးရွာမှာ ညက ဒလံအရှင်းခံရတော့ သူတို့က အဲ့ဒီနားမှာ ကင်းလှည့်နေတာ။ မနက် ၁၀ နာရီလောက်ကတည်းက ကင်းလှည့်နေတာ။ ဒေါင့်ကြီးရွာနဲ့ ကျွန်းတောကုန်းရွာကြားမှာ စစ်ကောင်စီတပ်တွေက ၁၅ ယောက်ပေါ့နော်။ အင်အား ၁၅ ယောက် ခြေကျင်လျှောက်ပြီးတော့ ကင်းလှည့်နေတုန်းမှာ ကျွန်းတောကုန်းရွာ အနောက်ဘက်က မူးဘောင်မှာ ဆည်မြောင်းဘောင်မှာ မိုင်းဆွဲခံရတာ။ နေ့လည် ၁၂ နာရီလောက်ကပါ။ ၃ ယောက်သေပြီးတော့ ၂ ယောက်ဒဏ်ရာရသွားတယ်။”

ဒီဇင်ဘာ ၁၃ ရက်ကလည်း တန့်ဆည်မြို့ ရွာသာရွာမှာ စစ်ကောင်စီနဲ့နီးစပ်တယ်လို့ စွပ်စွဲခံရသူတဦးအသတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်တွေသွားရောက်ပြီး တန့်ဆည်မြို့ကို ပြန်ချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ဖြစ်တဲ့ မင်းကင်မြို့နယ်တွင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ခုအချိန်အထိ ထုတ်ပြန်တာမရှိသေးပါဘူး။

===========

[[Unicode]]










#MyanmarViolence #MyanmarMilitaryCoup #VOABurmese



===========

XS
SM
MD
LG