သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရပ်သားထိခိုက်သေဆုံးမှုရှိ


စစ်ကိုင်းတိုင်း ပုလဲမြို့
စစ်ကိုင်းတိုင်း ပုလဲမြို့
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနဲ့ ချင်ပြစ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော်တပါးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကိုင်းမြို့နယ်ထဲမှာလည်း သေဆုံးနေတဲ့ ရုပ်အလောင်း ၁ လောင်း ထပ်တွေ့ခဲ့ပြီး အခုရက်ပိုင်းအတွင်း စစ်ကိုင်းမှာ သေဆုံးသူ ၁၉ ဦးအထိ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေသတင်းပေးပို့တာကို ကိုဇော်မိုးကျော်ပြောပြမှာပါ။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့တောင်ဘက် ၂ မိုင်အကွာမှာရှိတဲ့ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို ဇွန် ၂၇ ရက် ညနေ ၃ နာရီကျော်အချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော် ၁ ပါး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၇ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။
ညောင်ကုန်းရွာ အရှေ့ဖက်မှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအ နောက်မှာ ရှိတဲ့ နေအိမ်တွေကိုပါ ထိမှန်ခဲ့တဲ့အတွက် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေ သေဆုံးခဲ့တာလို့ မြေပြင်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားပြီး ပစ်သွားတာ။ နေအိမ် ၁၁ လုံးထက်မနည်း ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်။ လက်ရှိ သေဆုံးမှုက ၁၀ ဦးရှိသွားပြီ ကျွန်တော်တို့လည်း အခုမှ အလောင်းတွေရှာတွေ့တာခင်ဗျ။ ထပ်ရတာ ခင်ဗျ။ အမျိုးသမီး ၂ လောင်းတွေ့တယ်။ ကျန်တာက ယောက်ကျားလေးတွေ အသက်ငယ်ပိုင်း၊ အသက်ငယ် ငယ်နဲ့ အသက်လတ်တွေပေါ့၊ အဲ့ဒါတွေက များတယ် ပါသွားတာ။ ဒဏ်ရာ ရတာတွေကော တော်တော်များ တယ်။ အခုရှာဖွေရေးကမပြီးသေးဘူး။ ကျောင်းဆောင်တဆောင်လုံးလည်း ပျက်စီးသွားတယ်။ သိမ်ကျောင်းရယ်၊ ဆွမ်းစားကျောင်းရယ်၊ တော်တော်ကြီးကို ဘုရားဌာပနာတွေလည်း ပျက်စီးသွားတယ်။ စေတီကောပေါ့။ တော်တော်များများကို ပျက်စီးသွားတယ်။”
လေယာဉ်ဟာ ပထမအကြိမ် ရွာအရှေ့ပိုင်းက ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြိး ဒုတိယအကြိမ် ပျံဝဲလာတဲ့အချိန်မှာ ဘုန်းကြီးကျောင်း အနောက်မှာ ရှိတဲ့ နေအိမ်တွေပေါ်ကို ဗုံးကြဲခဲ့တာလို့ ဒေသခံတွေပြောပါတယ်။
နေအိမ်တွေထိမှန်ခဲ့တာကြောင့် မီးလောင်ပြီး အထဲမှာရှိတဲ့အရပ်သားတွေလည်း ဗုံးစမှန်ကာ အချို့မှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာလို့လည်း ပြောပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေပြီး ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေလည်း ရှိတယ်လို့ အဲဒီမှာမျက်မြင် ရှိနေသူတွေကပြောပါတယ်။
ညောင်ကုန်းကျေးရွာကို လေကြောင်းက တိုက်ခိုက်ပြီးနောက် ပုလဲမြို့နယ်ထဲက ချင်ပြစ်ကျေးရွာကိုလည်း လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ အရပ်သား ၂ ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ဒီလေကြောင်း တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကိုင်းတိုင်းထဲကပဲ စစ်ကိုင်းမြို့နယ်ထဲက ဒေသခံကာကွယ်ရေး တပ်စခန်းကို စစ်တပ်က ဇွန် ၂၅ ရက်က မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးအပါအဝင် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ပါတယ်။
ဇွန် ၂၇ ရက် မနက်ပိုင်းမှာတော့ နောက်ထပ်သေဆုံးနေတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ စစ်ကိုင်းခရိုင် တာဝန်ရှိသူ တဦးက ပြောပါတယ်။
“ဟုတ်တယ် Camp ဘေးမှာ ရဲဘော်အလောင်း ၂ လောင်းမဟုတ်ဘူး ၁ လောင်း ထပ်တွေ့တာ။ ၁၅ ယောက်ကျတဲ့ စခန်းနားမှာ အရင်ကမတွေ့တာ ဒီနေ့မှ ပြန်တွေ့တာ။”
ပျောက်ဆုံးနေတဲ့ ဒေသခံအချို့လည်း ရှိနေပြီး ပျောက်ဆုံးတာ ၂ ရက် ကြာတဲ့အထိ အဆက်အသွယ် မရရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် လက်ရှိအချိန်ထိ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၆ ဦးနဲ့ အရပ်သား ၃ ဦး သေဆုံးသူ စုစုပေါင်း ၁၉ ဦး ရှိနေပြီဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အချိန်ကစလို့ အခုအချိန်ထိ ၂ နှစ်ကျော်အတွင်း နေအိမ် ၇၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး အရပ်သား နဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြေပြင်စာရင်း ပြုစုထားသူတွေက ပြောပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG