သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘို ဝက်လက်မြို့အရှေ့ခြမ်းမှာ စစ်ကောင်စီနယ်မြေရှင်းပစ်ခတ်


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာ (ဓာတ်ပုံ-MIMU)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာ (ဓာတ်ပုံ-MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့ အရှေ့ခြမ်းကျေးရွာဖြစ်တဲ့ ညောင်ပင်ကြီးတောကျေးရွာတဝိုက်ကို စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် နယ်မြေရှင်းလင်းခဲ့ပါတယ်။ အဲဒီနောက် ရွာထဲဝင်ရောက်တပ်စွဲတဲ့အတွက် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်း ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နဲ့ ၁၂ မိုင်ဝေးတဲ့ ညောင်ပင်ကြီးတောကျေးရွာတဝိုက်ကို စစ်ကောင်စီကရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီဘက်မှာ တိုက်ပွဲတွေမရှိဘဲ နယ်မြေရှင်းလင်းတဲ့သဘောနဲ့ ဝေဟင်ကနေ ပစ်ခတ်ပုံရတယ်လို့ ရှိမ်းမကား ပြည်သူ့ကာကွယ်ရေး အဖွဲ့တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ညောင်ပင်ကြီးတောကို အခုလိုရှင်းလင်းတာ သူတို့ တပ်ပြန်ထွက်ဖို့အတွက် ရှင်းလင်းတာလို့ ထင်တယ်။ ညောင်ပင်ကြီးတောမှာ လေယာဉ်သုံးပြီး ပစ်ရှင်းရှင်းရလောက်အောင် အဲ့မှာ ဘာပြဿနာမှ မဖြစ်ထားဘူး။ ရဟတ်ယာဉ်ကပစ်တာ နာရီဝက်နီးနီး ရွာပေါ်မှာဝဲပြီး ပစ်တာ။ ကျနော်ထင်တာ သူတို့ မိုင်းကွင်းတွေ ရှိလိမ့်မယ်လို့ထင်ပြီး ပစ်တာလို့ထင်တယ်။ ပိတ်မိနေတဲ့သူတို့လူတွေ ပြန်ထွက်ဖို့ လမ်းရှင်းတာလို့ထင်တယ်။ လေယာဉ်ကနေ အင်အား ၃၀ လောက်ချတယ်။ ချပြီးမြေပြင်မှာလည်းပစ်တယ်။ အဲ့မှာ တိုက်ပွဲတော့မရှိဘူး။ သူတို့ဘက်က ရှင်းလင်းရေးအနေနဲ့ ပစ်ခတ်တာလို့ထင်တယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ရှိမ်းမကားမှာ တပ်စွဲထားတယ်။ သူတို့ပြန်ထွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားမှာ ပြန်ထွက်ဖို့ လမ်းကြောင်းကို ရှင်းလင်းတဲ့အနေနဲ့ ပစ်တာလို့ ထင်တယ်။”

လေကြောင်းကနေ တရစပ်ပစ်ခတ်လို့ ထွက်ပြေးခဲ့ရပုံကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံ အမျိုးသမီးတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မနက်တုန်းက တိုက်ပွဲတွေမဖြစ်ဘူး။ ဒီလိုလေး အေးအေးပဲနေနေတာ။ တိတ်တခိုးလာလိုက်တော့ ကျုပ်တို့က ဘာမှမပါဘူး။ ခါးဝတ် ခါးစားနဲ့ ပြေးလာရတာ။ အိမ်တွေ ဒီအတိုင်းပစ်ပြီး။ ပစ်တယ်၊ မိုးသီးတွေကျနေသလိုပဲ။ ရွာဘုန်းကြီးကျောင်း တပ်စွဲထားတာ။ ရွာထဲက လူတွေမရှိတော့ဘူး။ ရွာ့အပြင်တောာထဲ ထွက်ပြေးနေရတာ။ အပေါ်ကနေ လေယာဉ်ပျံဆိုလား ဟတ်စကီးဆိုလား၊ အဲ့ဒါနဲ့ချတာ။ ချပြီး တပ်တွေကို အောက်ချထားခဲ့တာ လေယာဉ်ပေါ်ကနေ။”

ညောင်ပင်ကြီးတော ကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ကျေးရွာကြီး တရွာဖြစ်ပြီး အခုလို ပစ်ခတ်တာကြောင့် အနီးနားက ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ခုလို ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်ပြီးနောက် ရွာထဲက ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ဒေသခံ အမျိုးသားတဦးက အခုလိုပြောပါတယ်။

“Mi35 ၂ စီးနဲ့ ရိုးရိုး ရဟတ်ယာဉ် ၂ စီးနဲ့ စုစုပေါင်း ၄ စီးပေါ့နော်။ အဲ့ဒါနဲ့ ကျနော်တို့ရွာကို လာတိုက်တယ်။ ကျနော်တို့ဆီမှာ ဘာမှ အရှုပ်မရှိဘဲ ဒီအတိုင်း ဘုန်းကြီးကျောင်းကို ရဟတ်ယာဉ်တွေနဲ့ ပစ်ပြီးမှ နေရာကို လူချပြီးဝိုင်းထားတာ။ အခုက အဓိက ပြေးနေရတာက ညောင်ပင်ကြီးရွာပေါ့နော်၊ တခြားဘေးရွာတွေလည်း ကြောက်လန့်ပြီး ပြေးနေရတယ်။”

ဇန်နဝါရီ ၁ ရက်နေ့ကတော့ ဝက်လက်မြို့ အရှေ့ခြမ်းမှာရှိတဲ့ နေပူကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းကလည်း စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး ၂ ဘက် ထိခိုက်ကျဆုံးတွေရှိတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ညောင်ပင်ကြီးတောကျေးရွာနဲ့ နေပူကုန်းကျေးရွာဟာ တော်တော်လေးတော့ အလှမ်းဝေးပါတယ်။ အခုလို ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]










#MyanmarViolence #Shwebo #VOABurmese


===========

XS
SM
MD
LG