သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ပုလဲနယ်စစ်ကောင်စီနယ်မြေရှင်းလင်း၊ ဒေသခံသုံးဦးသတ်ဖြတ်ခံရ


မီးရှို့ခံထားရတဲ့ ပုလဲမြို့နယ် မွေ့တုံ ကျေးရွာ။ (Photo: AP)
မီးရှို့ခံထားရတဲ့ ပုလဲမြို့နယ် မွေ့တုံ ကျေးရွာ။ (Photo: AP)

စက်တင်ဘာ ၂၈၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာပိုင်း)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်နေချိန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အပါအ၀◌င် လူ သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။ ပုလဲမြို့နယ်တွင်း စစ်ကောင်စီ နယ်မြေရှင်းလင်းနေတဲ့အခြေအနေနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးပြောပြပါမယ်။
ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းပြန်အထွက်မှာ ကျေးရွာအခြေအနေကို ကြည့်ရှုဖို့ သွားရောက်တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးနဲ့ ပြည်သူတဦးတို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက စွပ်စွဲပါတယ်။ ညောင်ကုန်းကျေးရွာကနေ ထွက်ခွါချိန်မှာ စစ်တပ်က ထားခဲ့တဲ့ နောက်ချန်အဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံရတာလို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“စစ်ကြောင်းက ညောင်ကုန်းရဲ့ အရှေ့မှာ ကန်ကြီးရွာဆိုတာရှိတယ်။ အဲ့မှာ စစ်ကြောင်းက ရှေ့ပွိုင့်ထွက်သွားပြီ။ နောက်ပွိုင့်က ကျန်နေခဲ့တယ်။ ဒေသခံကာကွယ်ရေး အင်အားစု ရဲဘော်တွေက စစ်ကြောင်းရှင်းပြီဆိုရင် ရွာကို ရှင်းလင်းရေး ဝင်လိုက်တယ်။ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ ထိပ်တိုက်သွားတွေ့တယ်။ ထိပ်တိုက်သွားတွေ့တဲ့အချိန်မှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။”
ညောင်ကုန်းကျေးရွာထဲကို ကာကွယ်ရေးတပ်ဖွဲ့ဝင် ရပ်ကျေး နဲ့ ပြည်သူအချို့တို့ ဝင်ရောက်ချိန်မှာ အခုလို သတ်ဖြတ်ခံရတာအပြင် ဖမ်းဆီးခံရသူတချို့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗွီအိုအေက ရရှိထားတဲ့ ဓာတ်ပုံတွေမှာတော့ ကိုယ်လက်ခန္ဓာတွေ ဖြတ်တောက်ပြီး စွန့်ပစ်ထားတာကို တွေ့ရပါတယ်။ ဒီ ဓါတ်ပုံတွေဟာ အဲဒီနေရာဖြစ်ခဲ့တဲ့ အဖြစ်အပျက်လားဆိုတာကိုတော့ VOA အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။
ဒေသခံတွေ အခုလို သတ်ဖြတ် ပစ်ခတ်ခံရတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ ပုလဲနယ်အတွင်း အခု ရက်ပိုင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့အပေါ်မှာတော့ ဒေသတွင်း ကျေးရွာ ၁၀ ထက်မနည်းက ဒေသခံ သောင်းချီ နေအိမ်တွေကို စွန့်ခွာ ဘေးလွတ်ရာ တိမ်းရှောင်နေရတာပါ။ အခုလို နေအိမ်တွေကနေ တိမ်ရှောင်ချိန် စစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို ဝင်ရောက် ရှာဖွေကာ အဖိုးတန် ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျွန်တော်တို့သွားခဲ့တဲ့ သွားရောက်စစ်ဆေးမှုတွေလုပ်တဲ့အခါမှာ ပြည်သူလူထုတွေရဲ့ အခက်အခဲတွေကို ကူညီဖို့ သွားတဲ့အခါမှာ တော်တော်များများတွေ့ခဲ့ရတဲ့ အတိုင်းအတာကတော့ သူတို့ဝင်ခဲ့တဲ့ ရွာမှန်သမျှကတော့ စားစရာတွေလည်း ကို့ရို့ကားယား လုပ်ထားခဲ့တယ်။ လိုအပ်တဲ့ ပစ္စည်းတွေလည်း ယူသွားကြတယ်။ ညောင်ကုန်းဆို ပိုက်ဆံတွေ မနည်းဘူး ပါသွားကြတယ်။ ဗရမ်းပတာပြေးခဲ့ရတာဆိုတော့ တချို့ဆို သိန်း ၉၀ အထိပါတယ်။ တချို့ဆို သိန်း ၂၀၀ လောက်ထိပါသွားတယ်လို့ ကြားထားရတယ်။”
စစ်တပ်ဟာ စက်တင်ဘာ ၁၁ ရက်ကစလို့ စက်တင်ဘာ ၂၇ ရက်အထိ ၁၇ ရက် နီးပါး ပုလဲမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေတာပါ။ နယ်မြေရှင်းလင်းရေးအတွင်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေပစ်ခတ်ရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ ပုလဲမြို့နယ်ထဲကနေ ဆားလင်းကြီးမြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။ ဒေသခံအချို့ နေရပ်ပြန်နေကြပေမယ့် နောက်ထပ် စစ်ကြောင်းထိုးလာမှာကို စိုးရိမ်နေတဲ့ အရပ်သား အချို့ကတော့ နေရပ်ကို မပြန်နိုင်ဘဲ ဘေးလွတ်ရာ နေရာတွေမှာပဲ ဆက်လက် တိမ်းရှောင်နေပါတယ်။
XS
SM
MD
LG