သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း-ယင်းမာပင်မြို့နယ်တွင်း တိုက်ပွဲတွေကြောင့် ကျေးရွာ ၇ ရွာကဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်


စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ယင်းမာပင်မြို့နယ်ဝန်းကျင်ပြမြေပုံ။ (MIMU)
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ယင်းမာပင်မြို့နယ်ဝန်းကျင်ပြမြေပုံ။ (MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီး မနေ့ည ၉ နာရီလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဘန့်ဘွေးကျေးရွာအပါအဝင် ၇ ရွာလောက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီနေ့မနက်မှာလည်း စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့တယ်လို့ PDF ဘက်က ပြောပါတယ်။စစ်ကောင်စီက အင်အားတိုးချနေသလို ရဟတ်ယာဉ်တွေ ပျံဝဲနေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်ရွံ့နေကြတဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်က ယင်းမာပင်မြို့နယ် နုံးကြီးကျေးရွာတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် မနေ့ည ၉ နာရီလောက်မှာလည်း ဘန့်ဘွေးကျေးရွာအနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာမို့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ယင်းမာပင် PDF က ဆိုပါတယ်။

“ဒီသူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာပေါ့နော်။ ထိုးစစ်ဆင်လာတဲ့ အခါမှာ ကျနော်တို့က မလွဲမရှောင်သာနဲ့ ပြန်လည်ခံခုနေရတဲ့ အခြေအနေပေါ့။ အဲ့တော့ မနေ့ညမှာဆိုလို့ရှိရင်လည်း ထိတွေ့မှုပေါ့နော်။ ထိတွေ့မှု အနည်းငယ်ရှိတယ်။ ဒီကနေ့ မနက်အခြေအနေကတော့ တဘက်နဲ့ တဘက်တင်းမာနေတဲ့ အခြေအနေပေါ့။ မနေ့ ကတော့ ခုနက ကျနော်ပြောခဲ့တဲ့ ဘန့်ဘွေးရွာဘက်မှာပေါ့နော်။ တိုက်ပွဲတွေ ဆက်ဖြစ်တာ။”

ယင်းမာပင်နယ် ရွှေတောင်ဦးကုန်းကနေ ဘန့်ဘွေးရွာဘက်ကို စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မနေ့ညက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးလောက် ထိခိုက်ကျဆုံးမှုရှိသလို ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီယာဉ်တန်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် PDF က ပြောပါတယ်။

“မနေ့ညကလည်း ဒီအကြမ်းဖက်စစ်ကောင်စီက ဒီရွှေတောင်ဦးကုန်းကနေပြီးတော့ ဘန့်ဘွေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ သာလွန်အင်အားနဲ့ပေါ့နာ်။ ထိုးစစ်ဆင်လာတဲ့အခါမှာ ကျနော်တို့ ခရိုင်ပေါ့နော် ပူးပေါင်း PDF တပ်ဖွဲ့ဝင်တွေက ခြုံခိုးကြားဖြတ်ပြီးတော့ မိုင်းဆွဲတိုက်ခိုက် တိုက်နိုင်တယ်ပေါ့ဗျာ။ ဆိုတော့ အဲ့ဒီမှာတော့ သူတို့ဒီရှေ့ပြေးကားတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်။ သူတို့ရဲ့လူနာတွေ၊ သူတို့ရဲ့ ဒီစစ်သည်တော်တွေပေါ့နော်။ သေဆုံးတဲ့ အခြေအနေရှိပါတယ်။ အခု ဒီကနေ့ မဖြန်မှာကျတော့ သူတို့ဒီယာဉ်တန်းပေ့ါနော်။ တိုက် ခိုက်နိုင်ခဲ့တယ်။”

ဒီပစ်ခတ်တိုက်မှုနဲ့ ပတ်သတ်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ဘန့်ဘွေးကျေးရွာအနီး တိုက်ပွဲကြောင့် ကျေးရွာ ၇ ရွာလောက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ယင်းမာပင်နယ် စစ်ဘေးရှောင်အကူအညီပေးသူတဦးက ပြောပါတယ်။

“ဘန့်ဘွေးက တိုက်ပွဲကတော့ ဘာဖြစ်တာလဲဆိုတော့ ဒေသခံပြေးတာ ရှိတော့ရှိပါတယ်။ အဲ့ဘက်ကတော့ ကျနော်သိထားသလောက်ပေါ့နော်။ ဘန့်ဘွေး၊ ထန်းစင်၊ လက်ပံ၊ နဖူးတော၊ စည်လှော်၊ အောင်ချမ်းသာ အဲ့ဘက်ကတော့ ပြေးရတယ်။ သတင်းရတယ်ဗျ၊ ဟုတ်။ နုံးကြီးရွာက အမျိုးသမီး အသက် ၆၀ ဝန်းကျင်ပေါ့နော်။ အသက် ၆၀ ဝန်းကျင်အဖွားကြီး အဲ့ဒီစစ်ဘေးရှောင်ရင်းနဲ့ ပြေးလွှာရင်းနဲ့ အသံတွေ လန့်ဖြန့်ပြီးတော့ပေါ့နော်။ ပြေးလာတဲ့ညမှာ ဆုံးသွားတယ်ဗျ၊ ဟုတ်။ ပြီးတော့ကျတော့ အဲ့လိုပြေး ဘေးရှောင်ရင်းနဲ့ ပြေးလွှားရင်းနဲ့ ဒီမှာ ခြေကျိုးတာ တယောက်ရှိတယ် အဲဒီ နုံးကြီးကပဲ။”

ဒီဇင်ဘာ၂၂ရက်နေ့က နုံးကြီးကျေးရွာနဲ့ မြို့ကြီးကျေးရွာတဝိုက်မှာ ဒေသခံပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့လို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရတာပါ။ ဒီလိုပြေးလွှာရင်း အသက် ၆၀ ဝန်းကျင်အဖွားတဦး သေဆုံးပြီး တဦးက ခြေကျိုး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ပြောပါတယ်။

ယင်းမာပင်နယ်မှာ စစ်ကောင်စီက အင်အားတိုးချနေသလို မနေ့ကလည်း ရဟတ်ယာဉ်တွေ ပျံဝဲနေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီက တပ်ဖြန့်ပြီး မကြာခဏ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေက အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရပြီး ဒီကာလမှာ စပါးရိတ်သိမ်းချိန်ဖြစ်ပေမယ့် ဒီလုပ်ငန်းတွေ မလုပ်ရဘဲ ထွတ်ပြေးနေကြရတာလို့ လို့ စစ်ဘေးရှောင်အကူအညီပေးသူတဦးက ပြောပါတယ်။

“ဒီစစ်ကြောင်းသွားတဲ့ လမ်းဘေးရွာတွေဆိုရင်လည်း မနေရဲလောက်အောင် ဖြစ်နေတယ်။ တချို့တွေမှာဆိုရင် အသံကြားတာနဲ့ ပြေးရတဲ့ ပုံစံမျိုးတွေ ဖြစ်ကြတယ်။ အဲ့ဒါမျိုးတွေ စိုးရိမ် ရတယ်ပေ့ါဗျာ။ အသံလောက်ကြားရင် ဘယ်ရွာဘယ်ရောက်ပြီးလဲ ဟာ…ဘယ်မှာပါလဲဆိုရင် (ဒေသခံတွေ) သူတို့မှာ ဒီအသံတွေပဲ နားထောင်နေရတယ်။ လောလောဆယ်မှာ ဒေသခံပြည်သူတွေ ဘာတွေအခက်အခဲရှိလဲဆိုရင်တော့ ကျနော်တို့ စပါးရိတ်ချိန်ဖြစ်တယ်ဗျ။ စပါးရိတ်ချိန်မှာ ကျနော်တို့ စပါးတွေ ကောင်းကောင်းမလုပ်ရတာရှိတယ်ဗျ။”

ယင်းမာပင်မြို့နယ်အတွင်းမှာ ဒီဇင်ဘာလဆန်ပိုင်းကတည်းက စစ်ကောင်စီဘက်က ပိုမိုထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေလည်း ခပ်စိတ်စိတ်ရှိနေပါတယ်။ ဒေသခံတွေက တနေ့တခြား အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွတ်ပြေးရှောင်တိမ်းနေကြရပါတယ်။

==================

[[Unicode]]
















==================

XS
SM
MD
LG