သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်မြို့တဝိုက် စစ်ရေးတင်းမာ ဒေသခံ တသောင်းနီးပါးစစ်ရှောင်


ယင်းမာပင် မြို့နယ် ကုန်းကျေးရွာ မီးရှို့ခံရ (မတ်လ ၁ ရက်၊ ၂၀၂၃)
ယင်းမာပင် မြို့နယ် ကုန်းကျေးရွာ မီးရှို့ခံရ (မတ်လ ၁ ရက်၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေ‌ကြောင့် ဒေသခံ တသောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ယင်းမာပင်နယ်ထဲက တိုက်ပွဲအခြေအနေသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။
ဇူလိုင် ၁၂ ရက် နေ့လည်ပိုင်းကစလို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နဲ့ ၁ မိုင်ခန့်ဝေးတဲ့ ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာအနီးမှာ စစ်တပ်နဲ့ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ စစ်တပ်ဖက်က ရဟတ်ယာဉ်တွေနဲ့ ၂ ကြိမ်တိုင်တိုင် လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကကပြော ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ကြီးကျေးရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ယင်းမာပင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
“ဒီနေ့ တိုက်ပွဲဖြစ်တာက ယင်းမာပင်မြောက်ဖက်မှာ ၁ မိုင်လောက်ပဲရှိတယ်။ ရွာထောင်ကျေးရွာမှာ သူတို့ အရင်နေ့ကတည်းကရောက်နေတာ။ ရွာထောင်ကနေ အထွက်မှာပဲ ထိတွေ့မှုဖြစ်ကြတယ်။ ထိတွေ့မှုဖြစ်ပြီး မကြာဘူး န.မ.ခကနေ Mi35 တက်လာတယ်ပေါ့နော်။ ရောက်ရောက်ချင်းပဲ တရစပ် ပစ်တော့တာပါပဲ။ Mi35 ပြန်သွားပြီးတော့ အခုညနေပိုင်း နေဝင်ရီတရောမှာ မြို့ကြီးကျေးရွာကိုမီးရှို့တယ်။ မီးရှို့ပြီးတော့ မီးရှို့နေဆဲဆဲမှာပဲ နောက်ထပ် Mi35 တစီးထပ်တက်လာပြီး ထပ်ပစ်တယ်။ ဒီနေ့ ညနေမှာပဲ Mi35 ၂ ကြိမ်လာပစ်တယ်။”
မြို့ကြီးကျေးရွာမှာ မီးရှို့ခံရတဲ့နေအိမ် ဆုံးရှုံးမှုပမာဏကိုတော့ မသိရှိရသေးပါဘူး။ ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ပြီးနောက်၊ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ယင်းမာပင်မြို့ထဲဖက်ကို ပြန်လည် ဆုတ်ခွာသွားတယ်လို့ ကာကွယ်ရေး အဖွဲ့တွေကပြောပါတယ်။
တိုက်ပွဲတွေကြောင့် ယင်းမာပင်မြို့အနီးက ကျေးရွာ ၇ ရွာထက်မနည်းက လူဦးရေ ၁ သောင်းပတ်ဝန်းကျင် စစ်ဘေးရှောင်နေရတယ်လို့ ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။
“ရွာထောင်၊ လေးရွာ၊ မြို့ကြီး၊ မြေကြက်ဆူ၊ ပြန်လှည့်၊ ရွာသာယာ၊ နုံးကြီး ၊ ညောင်တုန်း အဲ့ရွာတွေက အကုန်ပြေးရတယ်။ နောက်တခုက နတ်ထောင့်ကျေးရွာပေါ့နော် ။ လောလောဆယ် လူဦးရေ ၁ သောင်း ပတ်ချာလည်လောက်ရှိမယ်။ လောလောဆယ်က ခက်ခဲတာပေါ့။ ဘုန်းကြီးကျောင်းတွေက ကျွေးတယ်။ နောက်တခု ကိုယ်ထူကိုယ်ထတွေ အလှူခံပြီးတော့ နီးစပ်ရာနီးစပ်ရာဝေငှပြီးစားရတဲ့ သဘောရှိတာ ပေါ့နော်။”
ယင်းမာပင်မြို့နယ်ထဲမှာ ဇူလိုင် ၇ ရက်နေ့ကတည်းကစလို့ စစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်နေတာမို့၊ ဒေသတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာ နေတာဖြစ်ပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG