သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်မြို့နယ် ရွာနန်းကျေးရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ ရွာသား ၇ ဦး သေဆုံး


ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာနန်းရွာ (ဓာတ်ပုံ-MIMU)
ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာနန်းရွာ (ဓာတ်ပုံ-MIMU)


[[Zawgyi/Unicode]]


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ရွာနန်းကျေးရွာကို ဧပြီ ၇ ရက် ကြာသပတေးနေ့ကူးပြီးမကြာခင် စစ်ကောင်စီတပ်တွေက အင်အားရာကျော်နဲ့ ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာကြောင့် အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းနေပါတယ်။ လောလောဆယ်မှာ မီးလောင်ထားတဲ့ အလောင်း ၇ လောင်းကိုလည်း တွေ့ထားတယ်လို့ ရွာသားတွေက ပြောပါတယ်။ သောကြာနေ့အထိ မီးအရှင်းမငြိမ်းသေးတဲ့ ရွာနန်းကျေးရွာ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ညောင်ငုတ်တိုကျေးရွာမှာ စစ်ကောင်စီတပ် တွေ၊ ပျူစောထီးတွေက တဘက်၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တဘက် ဧပြီလ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညောင်ငုတ်တိုကျေးရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ရွာနန်းကျွေးရွာကို စစ်ကောင်စီတပ်တွေ ဧပြီလ ၇ ရက် မနက်အစောကြီး ဝင်ရောက်လာခဲ့ကြပါတယ်။ လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ပြီး စစ်ကောင်စီတပ်တွေ ရွာနန်းကျေးရွာထဲဝင်လာပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ရွာနန်းကျေးရွာသားတဦးက VOA ကို ပြောပါတယ်။

“စစချင်းက ညောင်ငုတ်တိုမှာ တိုက်ပွဲရှိတော့ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းကို ၂ နာရီလောက် မနက်ကို ရွာနန်းဖက်ကို စစ်ကြောင်းဆွဲတယ်။ ည ၂ နာရီလောက်ကို ဝင်လာတာပေါ့။ အဲ့ဒါပြီးတော့မှ မိုးလင်း ၅ နာရီလောက်မှာ စရှို့တယ်။ အဲဒီကနေ စရှို့လိုက်တာ အခုက အိမ်ခြေက ၁,၀၀၀ ဝန်းကျင်လောက် ရှိတဲ့ဟာက ၅၀၊ ၆၀ အဲဒီ ဝန်းကျင်ပဲ ကျန်တော့မယ် အခုက။ အဲ့မှာ လောလောဆယ် ရွာထဲမှာက အကုန်လိုက်မကြည့်ရသေးဘူး။ မီးကလည်း ခုအချိန်ထိကို တောက်တဲ့ဟာက တောက်တုန်း။”

ရွာနန်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့တဲ့အတွက် ရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။ မီးရှို့ ပြီးတဲ့နောက် ရွာနန်းရွာအနောက်ဘက်က လင်းယဉ်နဲ့ ရှမ်းကုန်း ကျေးရွာတွေဘက်ကို ထွက်သွားပြီး အဲ့ဒီကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်တဲ့အခြေအနေလာကြည့်တဲ့ရွာသားတချို့က မီးလောင်ထားတဲ့အလောင်း ၇ လောင်းကိုလည်း တေ့ွရှိခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်ဆိုတာ အတိအကျ မသိနိုင်သေးဘူးလို့ ရွာသားတွေက ပြောပါတယ်။ စစ်တပ်တွေ ထွက်သွားပေမယ့် တပ်စွဲထားတဲ့ အနောက်ဘက် ရွာတွေကနေ လက်နက်ကြီးတွေနဲ့ ရွာနန်းကျေးရွာဘက်ကို ပစ်နေတာကြောင့်ရော မီးလောင်နေဆဲဖြစ်တာကြောင့်ပါ နောက်ထပ်သေဆုံးသူတွေ ရှိနိုင်တယ်လို့ ရွာခံကပြောပါတယ်။

“အကုန်လုံး ကျနော်တို့ လိုက်မကြည့်ရသေးတာကိုတောင် ၅ လောင်း ၆ လောင်းရှိတယ်။ အကုန်ပြာကျပြီး အရိုးခေါင်းတွေ ဘာတွေတော့ ကျန်တာပေါ့လေ။ အကုန် လုံးက မကြည့်ရသေးဘူး။ မကြည့်ရသေးဘူးဆိုတာက မီးတွေကြောင့် တချို့အိမ်တွေကလည်း လုံးဝကို မကြည့်ရသေးဘူး။ အဲ့အိမ်တွေကလည်း နောက်ထပ်ထွက် လာအုံးမယ်လို့ ခန့်မှန်းထားတယ်ပေါ့။ ခုတွေ့ထားတာ အတိအကျကတော့ ၇ ယောက်ဗျ။”

ရွာသားအပြင် ရွာထဲက တိရစ္ဆာန်တော်တော်များများလည်း မီးလောင်သေဆုံးကုန် ပါတယ်။ ရွာနန်းရွာထဲမှာ အပျက်အစီးတွေနဲ့ အလောင်းတွေကို ရှင်းလင်းပေးနေတဲ့ ရွာသားတချို့ ရှိနေပေမယ့် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် သေသေချာချာ မဆောင်ရွက်နိုင်သေးဘူးလို့ ရွာသားတဦးက ပြောပါတယ်။

“နွားအကောင်ရေပေါင်း အတော်များများရော ဆိတ်တွေ အုပ်လိုက်ရော။ နွားကောင်ရေက တော်တော်ကို များတယ်၊ အခုသွားပြီးတော့ ရွာထဲလမ်းဆုံတွေမှာတွေ့လို့ သွားပြီးတော့ ထွေလာဂျီတွေနဲ့ သယ်ကြ ရွေ့ကြရင်းနဲ့ကို အခု ပြန်ပြီးတာ့ အခု ဒီဘက်ကို လူမြင်တယ်ဆိုပြီးတော့ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ပြန်ဝင်မယ့်အခြေအနေမျိုး လက္ခဏာပြလာတာကြောင့်မို့လို့ ကျနော်တို့လည်း အခုပဲရွာထဲက ပြန်ပြီး ထွက်ပြေးလာကြရတယ်။”

ရွာနန်းကျေးရွာက ရွာသားတွေအားလုံး ဘေးလွတ်ရာထွက်ပြေးနေကြရသလို အနီးဝန်းကျင်က ကျေးရွာတွေက ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ဝက်လက်မြို့နယ်က ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ပုံစံ စစ်ဆင်ရေးတွေ တရွာဝင်တရွာထွက် လုပ်နေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေကြရတာဖြစ်ပါတယ်။ နီးစပ်ရာ ကျေးရွာတချို့ကို ထွက်ပြေးကြသူတွေ ရှိသလို တောထဲမှာ ပုန်းခိုနေကြရတဲ့ သူတွေလည်း ရှိကြပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့ကြီး ၄ မြို့ကလွဲပြီး ကျန်မြို့နယ်တွေကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားသလို အချို့နေရာတွေမှာ ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရ ခက်ခဲနေပါတယ်။ အဆက်အသွယ်တွေ ခက်ခဲပြတ်တောက်နေတာမို့ ဘေးလွတ်ရာ ပုန်းခိုနေကြရတဲ့ ဒေသခံတွေ ပိုပြီးအခက်အခဲ တေ့ွနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]












==========

XS
SM
MD
LG