{Zawgyi/Unicode}
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့၊ မုံရွာမြို့က ဇလုပ်အဝိုင်းနဲ့ ရန်ကုန်၊ လှိုင်သာယာမြို့တို့မှာ ဒီကနေ့ ပေါက်ကွဲ ပစ်ခတ်မှုတွေရှိခဲ့ပြီး သေဆုံး ဒဏ်ရာရတာတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပါတယ်။ ဒီအခြေအနေအရပ်ရပ် မေးမြန်း သိရှိထားသလောက်စုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို နန်းလောင်ဝ်က ပြောပြပါမယ်။
ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ကျွန်းလှမြို့ မြို့လည်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တဆိုင်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက် သေဆုံးတာတွေရှိခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာနားမှာ နေထိုင်သူတဦးက ဗွီအိုအေကိုပြောပါတယ်။
“ကျနော်ထင်တာတော့ ၇ နာရီဝန်းကျင်လောက်ထင်တယ်။ သူတို့ဆိုင်ထဲကို၊ အဲဒီဗိုလ်မှူးက အဲဒီမှာ လာသောက်နေကျဆိုတော့ ဆိုင်ထဲကို ပစ်ထည့်လိုက်တယ်ပေါ့။ ဗိုလ်မှူးကတော့ သေသွားတာတော့ သေချာတယ်။ ဗုံးပေါက်တာကလည်း နည်းနည်းပြင်းထန်တဲ့အခါကျတော့ ဘေးကအရပ်သားတွေတော့ နည်းနည်းပါးပါးတော့ထိတယ်။ အားလုံးတော့ ထိတာ ၇ ယောက်လို့ကြားတယ်။ ကျနော်တို့လည်း အပြင်ထွက်ပြီးကြည့်လို့မရတော့လေ။ ဗိုလ်မှူးအပါအဝင် ခုထိကြားနေရတဲ့ သတင်းတွေအရဆိုရင် ၄ ယောက် ဆုံးသွားတယ်လို့ ကြားတယ်။ ကျန်တဲ့တချို့ကတော့ အသက် အန္တရာယ် မစိုးရိမ်ရဘူးလို့တော့ ကြားပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း အခု မြို့ပေါ်မှာ လုံခြုံရေးတွေ အရမ်းတင်းတင်းကြပ်ကြပ်ချထားတယ်။ လမ်းပေါ်ထွက်တဲ့သူတွေကို သေနတ်နဲ့ပစ်တယ်၊ အဲ့လိုတွေ လုပ်နေတယ်ပေါ့လေ။”
ဒီဖောက်ခွဲမှုရဲ့လက်သည်အဖြစ် ဘယ်အဖွဲ့ကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ကျွန်းလှမြို့ဟာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကနေ လက်ရှိအချိန်ထိ စစ်တပ်နဲ့ စစ်တပ်လိုလားသူတွေ အားကောင်းတဲ့ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့ဟာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် Lockdown ချထားတဲ့ မြို့တွေထဲမှာ ပါဝင်နေတာကြောင့် မနက် ၅ နာရီကနေ နေ့လယ် ၁၁ နာရီအထိပဲ အိမ်ပြင်ထွက်ခွင့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က ကင်းလှည့်တာ၊ စစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာမျိုးတွေကိုလည်း မကြာခဏလုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
မုံရွာမြို့မှာတော့ ဇလုပ်အဝိုင်း စစ်ဆေးရေးဂိတ်မှာ ဒီကနေ့မနက်က ဗုံးပေါက်ကွဲခဲ့ပြီး အဲဒီနေရာဟာ မုံရွာမြို့ အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးတဲ့နေရာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မုံရွာစီးပွားရေးတက္ကသိုလ်နားက ဇလုပ်အဝိုင်းပေါ့နော်။ အဲ့မှာ သူတို့ Monywa UG ၊ Monywa The Boy အဖွဲ့တွေက ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့တယ်ပေါ့နော်။ မုံရွာမြို့ဝင်ပေါက် သုံးခုလောက်ရှိတဲ့ထဲမှာ ဒီဟာက ရွှေဘိုတို့၊ ဝက်လက်တို့ ဘက်က အဝင်ပေါ့နော်၊ ကျောက္ကာရွာဘက်ကနေ မုံရွာမြို့ထဲကို ဝင်တဲ့နေရာပေါ့နော်၊ ဇလုပ်အဝိုင်းက။ အဲဒီနေရာမှာ သူတို့ ဒီ တော်တော်များများရက်တွေမှာတော့ အစစ်အဆေးတွေ တင်းတင်းကြပ်ကြပ် ရှိတဲ့နေရာဗျ။”
ရန်ကုန်၊ လှိုင်သာယာဘက်က ပေါက်ကွဲမှုနဲ့ပတ်သက်လို့တော့ အခင်းဖြစ်တဲ့နေရာအနီး နေထိုင်သူတဦး ပြောပြတာက -
“ဘုရားလမ်းထိပ်မှာ ကားနဲ့ လာပစ်သွားတာတဲ့။ ကားနဲ့ပစ်သွားတာကို အဲ့လူတွေကလည်း သေနတ်နဲ့ ပြန်ပစ်တော့ ၁၄/၅ ချက်လောက် ဟိုပစ်ဒီပစ်တွေ လိုက်ပစ်နေတာ။ အဲ့လိုတော့ ကြားတာပဲ။ ဘယ်လိုတွေလဲတော့ မသိဘူး။ နောက် ဗုံး တချက်လား နှစ်ချက်လား မသိဘူး ကွဲတယ်တဲ့။”
စက်တင်ဘာ ၃၀ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။အဲ့ဒီပေါက်ကွဲမှုဟာ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ကြေညာချက် ထုတ်ပြန်ထားပြီး ဒီပေါက်ကွဲမှုကြောင့် အဆောက်အအုံ ပျက်စီးမှုရှိပေမယ့် လူထိခိုက်တယ်ဆိုတဲ့ သတင်းတွေတော့မရပါဘူး။
ဒီ ပေါက်ကွဲပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
မြစ်ကြီးနားမြို့က ကညနရုံးမှာလည်း ဒီကနေ့ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
ဒီလို ပစ်ခတ် ပေါက်ကွဲမှုတွေ ဒေသတချို့မှာ ရှိခဲ့သလို စစ်တပ်က အာဏာသိမ်းတာ ၈ လပြည့်ပြီးတဲ့အထိ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကလည်း ဆက်ရှိနေပါတယ်။
ဒီကနေ့ ရန်ကုန်မှာ LGBT တွေပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကြောင်းတခု ထွက်ခဲ့သလို မန္တလေး၊ ကလေး၊ ရွှေဘို၊ မြိုင်၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့က ကျေးရွာတွေ စုပေါင်းထားတဲ့ ရွာပေါင်းစုံ သပိတ် စတဲ့ဒေသတွေမှာ ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။
=======
{Unicode}