သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲကြား သေဆုံးရတဲ့ ကျောင်းသူလေးအမှု အမှန်တရားမပေါ်သေး


လွန်ခဲ့တဲ့နှစ်နှစ်က ဖားကန့်မှာကျည်ထိလို့ ကချင်ကျောင်းသူလေးသေဆုံးခဲ့မှုဟာ အခုချိန်အထိ တရားမျှတတဲ့စီရင်မှု မရသေးတဲ့အပေါ် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့အညီ တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို မိသားစုက တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် အပြစ်ရှိသူကို အရေးယူပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားမှုနဲ့ တပ်မတော်ဘက်က တရားပြန် စွဲခံထားရတဲ့ ဖခင်ဖြစ်သူအတွက် မျှတတဲ့ တရားရေးစီရင်မှု ဆောင်ရွက်ပေးဖို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်နဲ့ ကချင်ပြည်နယ် အမှန်တရား ရှာဖွေရေး ကော်မတီက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဘက်က စုံစမ်းမှုတွေ လုပ်ဆောင်နေဆဲလို့ တုံ့ပြန်ပါတယ်။။ အပြည့်အစုံ မဆုမွန် တင်ပြပေးထားပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝှမ်း၊ ကချင် နှစ်ခြင်းဘုရားကျောင်း ဒုက္ခသည်စခန်းနဲ့ အစိုးရ မူလတန်းလွန်ကျောင်းကြားမှာ တိုက်ပွဲဖြစ်ခဲ့ချိန်မှာ အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် (Ja Seng Ing) သေဆုံးပြီး ဒေသခံတွေလည်း အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မဂျာဆိုင်းရဲ့ဖခင်ဖြစ်သူက အမှုမှန်ပေါ်ပေါက်ရေး စုံစမ်း စစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတအပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုခဲ့တဲ့အပေါ် ဦးဘရန်ရှောင်ကို တပ်မတော်ဘက်ကနေ မဟုတ်မမှန်တိုင်ကြားခဲ့တယ်ဆိုပြီး ပုဒ်မ (၂၁၁) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ ဒါကြောင့် မိသားစုဘက်က နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့အနေအထားအပေါ် တရားမျှတစွာ စီစဉ်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်လို့ ဦးဘရန်ရှောင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော့သမီးကိုလည်း မတရားပစ်သတ်တယ်။ မတရားမှုကို နိုင်ငံတော်သမ္မတဆီမှာ ‘အဖြစ်မှန်ဖော်ထုတ်ပေးရေး ဆောင်ရွက်ပေးရန်’ ဆိုပြီးတော့မှ စာတင်ခဲ့ပါတယ်။ တပတ်လောက်ကြာတဲ့အခါမှာ လူ့အခွင့်အရေးကော်မရှင်မှာ ‘စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ပေးရန်’ ဆိုပြီးတော့ စာပို့ထားတယ်။ ဒီလူ့အခွင့်အရေးကော်မရှင်မှာ ကျနော် မမှန်မကန်လိမ်တင်ထားတယ်ဆိုတာ ဘာတခုမှ မရှိဘူး။ အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို အမှန်ကိုအမှန်အတိုင်း ရေးသားပြီးမှ တင်ပြခဲ့ခြင်းသာဖြစ်ပါတယ်။ အပြစ်ရှိသူကို အရေးယူ ဆောင်ရွက်ပေးရန်ဆိုပြီးတော့မှ စာတင်ခဲ့တာပါ။ သို့သော် မမှန်မကန်လိမ်လည်တိုင်တန်းပါတယ်-ဆိုပြီးတော့ ကျနော့်ကို အရေးယူတာ ပေါ့လေ-နော။ ချိုးဖောက်ခံရတယ်လို့ပဲ ပြောရမှာပေါ့။”

မဂျာဆိုင်းသေဆုံးမှုကို မိသားစုအပေါ် ခိုင်လုံတဲ့ အကြောင်းပြ ဖြေရှင်းချက် မပေးတဲ့အပြင် လူ့စုံစမ်းပေးဖို့ တောင်းဆိုတဲ့ ဖခင်ဖြစ်သူကိုပါ တရားစွဲဆိုတဲ့အမှုဟာ တရားဥပဒေစိုးမိုးမှု အားနည်းတာကို ပြသရာရောက်တယ်လို့ ဦးဘရန်ရှောင်ဘက်က ဥပဒေအကျိုးဆောင်ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ ဦးခွန်နော် က ပြောပါတယ်။

“မြန်မာ့တပ်မတော်ကတရားလိုလုပ်ပြီးတော့မှ တခါတည်းဦးတိုက်လျှောက်တယ်။ လျှောက်တဲ့အခါမှာ တရားရုံးကလည်း လက်ခံပြီး ဒီအမှုကို စစ်ဆေးတာကစပြီးတော့မှ အမှုက တကယ်တန်းတော့ စွဲလို့ကို မရတဲ့အခြေအနေမျိုးတော့ ရှိတာပေါ့လေ။ တရားစွဲအဖွဲ့အစည်းကနေပြီး စိစစ်ပြီးတော့မှလက်ခံသင့်တာပေါ့။ အခုက အဲဒီလို စိစစ်ပြီးတော့မှ လက်ခံတာမရှိဘဲနဲ့ မြန်မာ့တပ်မတော်က စွဲတဲ့အပေါ်မှာ သူတို့အနေနဲ့ တခါတည်း လက်ခံလိုက်ခြင်းအားဖြင့် ကျနော်တို့ဆီမှာ တရားစီရင်မှု၊ တရားဥပဒေစိုးမိုးမှုကတော့ မေးခွန်းထုတ်စရာ အများကြီး ရှိနေတာပေါ့လေ။”

မဂျာဆိုင်းသေဆုံးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေနေပါတယ်လို့ ဆိုပေမဲ့ အခုလို ဖခင်ဖြစ်သူဦးဘရန်ရှောင် တရားစွဲဆိုခံရတဲ့အမှုကို ကာယကံရှင်နဲ့ အာရှလူ့အခွင့်အရေးကော်မရှင်ဘက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အကြောင်းကြားစာပေးပို့ထားပေမဲ့ အခုလိုဖြစ်နေတာကို တရားဝင် မသိရှိရသေးဘူးလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က တုံ့ပြန်ပါတယ်။

“မဂျာဆိုင်းသေဆုံးတဲ့ကိစ္စက ကျနော်တို့ဆီကို တိုင်စာရတယ်ဗျ။ သူသေပြီး တလလောက်ကြာတော့ တိုင်စာရပါတယ်။ ကျနော်တို့ကတော့ ဒီ တိုင်ကြားချက်ကို စိစစ်ပြီးတော့ သက်ဆိုင်ရာဌာနကနေ ဆောင်ရွက်ပေးဖို့ ကျနော်တို့ရဲ့လုပ်ငန်းစနစ်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို ကျနော်တို့ ပို့ခဲ့ပါတယ်။ သို့သော် ဒီဟာနဲ့ပတ်သက်လို့ကတော့ တိုးတက်မှုအခြေအနေတော့ ကျနော်တို့ ပြန်လည်ရရှိခြင်း မရှိသေးပါဘူး။ အဲဒီတော့ လူ့အခွင့်အရေးကော်မရှင်ကို တိုင်လို့- ဆိုပြီးတော့ တပ်မတော်ဘက်က အမှုဖွင့်အရေးယူတယ်ဆိုတဲ့သတင်းကိုတော့ ကျနော်တို့က တရားဝင်မဟုတ်ဘဲ အင်တာနက်သတင်းတွေမှာတော့ ရတာရှိပါတယ်။ အဲဒီတော့ ဒီသတင်းကိုတော့ ကျနော်တို့အနေနဲ့ အတည်ပြုနိုင်ခဲ့ခြင်းတော့ မရှိပါဘူးဗျ။ ဟုတ်ကဲ့၊ အဲဒါပါပဲ။”

မေး။ ။ ဟုတ်ကဲ့ ဆရာ၊ တကယ်လို့ အဲဒီလို တရားစွဲဆို ခံခဲ့ရတယ်ဆိုလို့ရှိရင် အဲဒီအပေါ်မှာရော ဆရာတို့အနေနဲ့ ဘာများ ဆောင်ရွက်ပေးနိုင်တာ ရှိပါလဲရှင့်။

ဖြေ။ ။ တရားစွဲဆိုခံရတယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဥပဒေမှာကတော့ တရားရုံးက ဆောင်ရွက်နေတဲ့ အမှုကိစ္စတွေကိုတော့ ကျနော်တို့က ဝင်ရောက်ကိုင်တွယ် ဆောင်ရွက်ခြင်း မရှိပါဘူး၊ ကျနော်တို့ ဝင်ရောက်ကိုင်တွယ် ဆောင်ရွက်လို့ မရပါဘူး။ အဲဒါကတော့ တရားရေးလမ်းကြောင်းအရပဲ သွားရုံပဲ ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကိုတိုင်လို့ အမှုဖွင့်တယ်ဆိုတာမျိုးကိုတော့ ကျနော်တို့လည်း နားမလည်ဘူး။

ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာနေဆဲအခြေအနေမှာ ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရဆဲ အခြေအနေတွေနဲ့ ဆုံးရှုံးနစ်နာနေရမှုတွေကို ဖြေရှင်းပေးဖို့ အစိုးရနဲ့တပ်မတော်မှာ တာဝန်ရှိတယ်လို့ အမှန်တရား ရှာဖွေရေး ကော်မတီက ဦးမောင်ဒမ် (Mung Dan) ကပြောပါတယ်။

“ဒီအမှုကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့က ပိုပြီးတော့ သူ့သမီး ဘယ်လိုဆုံးရတယ်ဆိုတာပေါ့နော်၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူတွေဖြစ်တယ်၊ ဒီသေဆုံးမှုကို ဘယ်သူတွေ တာဝန်ရှိတဲ့ဆိုတဲ့ကိစ္စကို ကျနော်တို့ ဖော်ထုတ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မျက်မြင်သက်သေ ထွက်ဆိုချက်တွေကို တင်ပြထားတဲ့ အစီရင်ခံစာရယ်၊ အဲဒီလို လုပ်တဲ့အစီအစဉ်လေးပါခင်ဗျ။”

ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကချင်ပြည်နယ် အမှန်တရားရှာဖွေရေးကော်မတီ၊ ကချင်ငြိမ်းချမ်းရေးကွန်ယက်တို့က ဦးဆောင်ပြီး မဂျာဆိုင်းအိန်သေဆုံးရမှု၊ ဖခင်ဦးဘရန်ရှောင် တရားစွဲဆိုခံနေရမှုတွေနဲ့ပတ်သက်လို့ မျက်မြင်သက်သေ စုံစမ်းတွေ့ရှိချက်တွေကို သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG