သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ ပြတ်သားဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah

[[Zawgyi/Unicode]]

အာဆီယံအနေနဲ့ မြန်မာနဲ့ပတ်သက်လို့ ဘယ်ဝန်ကြီးအဆင့်မဆို အစည်းအဝေးတိုင်းမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးဖို့၊ နဲ့ မြန်မာ့ ပြည်တွင်း ပဋိပက္ခကို အဆုံးသတ်ဖြေရှင်းနိုင်မယ့် ရှင်းလင်းပြတ်သားတဲ့ မူဘောင်တခု အာဆီယံအနေနဲ့ ချမှတ်ဖို့ အဓိကနှစ်ချက်ကို မလေးရှားက ဆက်လက် စွဲကိုင်သွားမယ်လို့ အင်္ဂါနေ့က မြန်မာအဖွဲ့အစည်းတွေနဲ့ ပြုလုပ်တဲ့အွန်လိုင်းဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာစစ်ကောင်စီအပေါ် သဘောထားတင်းမာတဲ့မလေးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေး ဘယ်လို ဆက်လက် လုပ်ဆောင်သွားဖို့ရှိသလဲ၊ စက်တင်ဘာလ ၇ ရက်၊ အင်္ဂါနေ့က မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖူဒင် အဘ္ဘဒူလာနဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတို့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဗြိတိန်အခြေစိုက် BHRN မြန်မာ့လူ့အခွင့်အရေးကွန်ယက် အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကို မေးကြည့်ပါတယ်။

ဦးကျော်ဝင်း။ ။ သူပြောသွားတဲ့အထဲမှာ ကျနော်သတိထားမိတာက သူ့အရင်အစိုးရမှာလည်း ဒီရပ်တည်ချက်တွေ ရှိထားတယ်ပေါ့နော်။ ..ဆိုတော့ မလေးရှားနိုင်ငံရဲ့ရပ်တည်ချက် အနေအထားအရ လူ့အခွင့်အရေးချိုးဖောက်ထားတဲ့ စစ်တပ်ရဲ့ရာဇဝတ်မှုတွေအပေါ်မှာတော်တော်လေးကို စိတ်ပျက်နေပြီးတော့ အပြောင်းအလဲတခု ဖြစ်စေချင်တဲ့အနေအထားကို ကျနော်တို့မြင်ရတယ်။ ဒါ အားရတယ်ပေါ့နော်။ နောက် သူကနေပြီးတော့ တခြား အာဆီယံမှာရှိတဲ့ တခြားနိုင်ငံတွေနဲ့လည်း သူက တွန်းတွန်းတိုက်တိုက်ရှိသလို နိုင်ငံတကာရဲ့ဆက်ဆံရေးမှာလည်း မလေးရှားနိုင်ငံက အနေအထားတခု ရှိထားတဲ့အတွက် ကျနော်တို့မြန်မာပြည်သူတွေရဲ့စကားပေါ့နော်- ကျနော်တို့ရဲ့ရပ်တည်ချက်၊ ကျနော်တို့ ဘာတွေဖြစ်စေချင်သလဲဆိုတာကို ပိုပြီးတော့ နိုင်ငံတကာကို ထိထိရောက်ရောက် ရောက်စေတယ်လို့ ကျနော်မြင်တယ်။

အင်ကြင်းနိုင်။ ။ အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့မှာ သူတို့အဓိကလိုက်နာတဲ့အချက်ဖြစ်တဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အချက်ပေါ့နော်။ အခု မလေးရှားနိုင်ငံက ဒီအချိန် ဒီအခါ မြန်မာနိုင်ငံကိစ္စမှာ ပါဝင်ပတ်သက်လာတယ်ဆိုတဲ့အခြေအနေက ဘာကြောင့်ပါလဲရှင့်။

ဦးကျော်ဝင်း။ ။ အဓိက-ကတော့ဗျာ- ဒီမြန်မာပြည်ကို စစ်တပ်ရဲ့လုပ်ရပ်တွေက - စစ်တပ်ရဲ့ ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုတွေ၊ လူနည်းစုတွေအပေါ်မှာ အကြမ်းဖက်ကျူးလွန်တာတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တာတွေ၊ လူသားချင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တာတွေဟာ မလေးရှားနိုင်ငံမှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ မလေးရှားအစိုးရကို တစိုက်မတ်မတ်ပြောလာတာရှိသလို ကျနော်တို့ ဒီဘက်ကနေပြီးတော့လည်း တတ်နိုင်သလောက် advocate လုပ်တာတွေလည်း ရှိတယ်။ ရှိတဲ့အပေါ်မှာ ဒီဟာတွေကို ပိုပြီးတော့ ဘယ်လိုပြောမလဲ- ယုံကြည်မှုတည်ဆောက်ပြီးသွားတော့ အဲဒီ ယုံကြည်မှုတည်ဆောက်ထားတဲ့ channel ကနေပြီးတော့ ကျနော်တို့က information တွေပေးတဲ့အပေါ်မှာ၊ သတင်းအချက်အလက်တွေ ပေးတဲ့အပေါ်မှာ ဒါကို သူတို့က ပိုပြီးတော့ လက်ခံယုံကြည်လာတယ်။ သူတို့ရတဲ့ သတင်းအချက်အလက်တွေက မှန်ကန်တဲ့သတင်းအချက်အလက်တွေဖြစ်တယ်။ အဲဒီပေါ်မှာ ကျနော်တို့ဘက်ကနေပြီးတော့လည်း ပုံမှန်လိုလို မလေးရှားကိုသွားပြီးတော့ အစိုးရပိုင်းတွေနဲ့၊ ပါတီအကြီးအကဲတွေနဲ့ ပုံမှန်တွေ့ပြီးတော့ ပုံမှန် meeting လုပ်တာတွေ ရှိတယ်ပေါ့နော်။ ဒီဟာက ၂၀၁၆ ကတည်းက ကျနော်တို့ တော်တော်လေးလုပ်လာခဲ့တယ်၊ ဒီအပေါ်မှာ အဲဒီဟာတွေရဲ့ရလာဒ်လည်းဖြစ်သလို နောက် တခြား ဝိုင်းကြိုးစားတဲ့လူတွေလည်း ရှိကြတယ်ပေါ့နော် ဒီအထဲမှာ။ ဆိုတော့ ဒေသခံအနေအထား နိုင်ငံတကာ- အခု နိုင်ငံရေးအရပြောရရင် Geopolitic ပထဝီနိုင်ငံရေးအရ ပြောရမယ်ဆိုလို့ရှိရင် တရုတ်နိုင်ငံကော၊ အနောက်နိုင်ငံတွေကော၊ တခြားနိုင်ငံကြီးတွေကကော အာဆီယံကိုပဲ သူက အဓိကတင်ထားတဲ့အပေါ်မှာ အာဆီယံရဲ့အခန်းကဏ္ဍကို ကျနော်တို့က ပယ်ချလို့မရတော့တဲ့ အနေအထားမှာရှိနေတယ်ပေါ့နော်။

ဒါဆိုရင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ်ထားတဲ့ တင်းမာတဲ့သဘောထားကရော အာဆီယံရဲ့ရပ်တည်ချက်အပေါ်မှာရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ၊ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက အခုလိုမြင်ပါတယ်။

“အာဆီယံရဲ့သဘောထားကတော့လေ အမြဲတမ်း devided ပေါ့နော်၊ ကွဲနေတဲ့သဘောရှိပါတယ်။ ရှိတယ်ဆိုတာက စစ်ကောင်စီနဲ့ပတ်သက်လို့ ဘာခေါ်မလဲ၊ ပူးပေါင်းပြီးတော့ လုပ်ရမယ်ဆိုတဲ့အမြင်ရှိတယ်။ တချို့ကကျတော့ ကမ္ဘောဒီးယားတို့၊ အခုကတော့ သူက chairman ဖြစ်နေတယ်။ နောက်တခါ ဗီယက်နမ်တို့၊ ထိုင်းနိုင်ငံတို့ သူတို့က ပူးပေါင်းဆောင်ရွက်ချင်တဲ့သဘောဖြစ်နေတယ်။ နော်- အဲဒီတော့ သူတို့လည်း အလုပ်မဖြစ်ဘူး။

တဘက်ကကျတော့ သဘောထားပိုတင်းမာတဲ့နိုင်ငံတွေ ရှိတယ်၊ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့၊ နောက်တခါ အခု မလေးရှားတို့ပါတာပေါ့။ ဆိုတော့ အဲဒီတော့ မလေးရှားကတော့ သူတို့ထဲမှာ သဘောထားအပြင်းထန်ဆုံးပါ။ ဒါပေမယ့်လည်း သဘောထားတင်းမာတဲ့နိုင်ငံတွေလည်း အလုပ်မဖြစ်ဘူးပေါ့နော်- ဆိုတော့ အာဆီယံတခုလုံးရဲ့ position အနေနဲ့ ရပ်တည်ပြီးတော့ လုပ်ဖို့ဆိုတာကတော့ ခက်သေးတယ်လို့ ထင်တယ်။”

တဘက်မှာလည်း အာဆီယံထဲမှာ မလေးရှားက မြန်မာနဲ့ပတ်သက်လို့ သီးခြားရပ်တည်လာတဲ့အပေါ်မှာ ထိရောက်မှုတွေရှိတယ်လို့ မျှော်လင့်ထားကြောင်း ဦးကျော်ဝင်းကပြောပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေထဲမှာ မြန်မာ့လူ့အခွင့်အရေးကွန်ယက်အပါအဝင် ချင်းလူ့အခွင့်အရေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်၊ ရှေ့ပြေးအသံနဲ့ မြန်မာ့ယဉ်ကျေးမှုသုတေသနအဖွဲ့အစည်းတို့ ပါဝင်ကြပါတယ်ရှင်။

#Saifuddin Abdullah #မြန်မာ့အရေး #ပြည်တွင်းပဋိပက္ခ #လူ့အခွင့်အရေးချိုးဖောက်မှု #ဦးကျော်ဝင်း #ဦးအောင်သူငြိမ်း

===========

[[Unicode]]











===========

XS
SM
MD
LG