သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန့်မာတင်ကျွန်း မြန်မာပိုင်ဖေါ်ပြမှု ဘင်္ဂလားဒေရှ့်ကန့်ကွက်


စိန့်မာတင်ကျွန်းမြေပုံ (ဝီကီပီဒီယာ)
စိန့်မာတင်ကျွန်းမြေပုံ (ဝီကီပီဒီယာ)

Saint Martin’s ကျွန်းကို မြန်မာဘက်က သူ့ရဲ့နယ်မြေပိုင်နက်အဖြစ် အစိုးရရဲ့တရားဝင် အင်တာ နက် ဝက်ဘ်ဆိုဒ် မြေပုံတွေပေါ်မှာ မှားယွင်းဖေါ်ပြမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ အနေနဲ့ ဒါကာမြို့တော်မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို စနေနေ့က ဆင့်ခေါ် သတိပေးပြောဆိုလိုက်ပါတယ်။

၁၉၇၄ ခုနှစ် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပထမဆုံးအကြိမ် ပင်လယ်နဲ့ ရေကြောင်းသွားလာမှု ဆိုင်ရာ ပိုင်နက် သဘောတူညီချက်မှာရော၊ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ တရားရုံးရဲ့ ဆုံးဖြတ်ချက် အရရော Saint Martin’s ကျွန်းကို ဘင်္ဂလားဒေ့ရှ်က ပိုင်ကြောင်း ဖေါ်ပြထားတာပါ။

ဘင်္ဂလားဒေ့ရှ်ပိုင်တဲ့ St Martin’s ကျွန်းကို မြန်မာနိုင်ငံရဲ့မြေပုံထဲ သူ့ရေပိုင်နက်အဖြစ် ဖေါ်ပြထား တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ရေးသားထားတဲ့စာကို ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးလွင်ဦးကိုဆင့်ခေါ်ပြီး ပေးအပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အမည်မဖေါ် လိုတဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။ အခုလို မှားယွင်းစွာဖေါ်ပြမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဘက်က အမြန်ဆုံးဖြေရှင်းချက် ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တောင်းဆိုထားတယ်လို့လည်း သူကဆိုပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ် dop.gov.mm နဲ့ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ရဲ့ ဝက်ဘ်ဆိုဒ် themimu.info တွေမှာ မြန်မာ နိုင်ငံရဲ့မြေပုံကို အသစ်အဖြစ်ပြန်လည် ဖေါ်ပြထားရာမှာ St. Marin’s ကျွန်း ကို မြန်မာရဲ့ပိုင်နက်ထဲမှာ ထည့်သွင်းခဲ့ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။ အခုလို ဘင်္ဂလားဒေ့ရှ်ပိုင်ကျွန်းကို မှားယွင်းစွာ ဖေါ်ပြမှုနောက်မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် ရှိနေမှာကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ဒီဖြစ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သိန်းနဲ့ချီ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာဘက်က ပြန်ပြီး လက်ခံဖို့ နှစ်နိုင်ငံ သဘောတူညီချက်ရပြီးနောက် အကောင်အထည်မဖေါ်နိုင်ဘဲ အပြန် အလှန် အပြစ်ဖို့နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Saint Martin’s ကျွန်းဟာ ၁၉၃၇ နှစ်မှာ ဗြိတိသျှကိုလိုနီအစိုးရက မြန်မာနဲ့အိန္ဒိယကို ခွဲခြားလိုက်ပြီးနောက် ဒီကျွန်းဟာ အိန္ဒိယဘက်အခြမ်းမှာ ကျန်ခဲ့တာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အိန္ဒိယနဲ့ ပါကစ္စတန်ခွဲတဲ့အခါ အရှေ့ ပါကစ္စတန်ရဲ့ ပိုင်နက်ဖြစ်သွားပြီး ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရပြီးနောက် ဘင်္ဂလားဒေ့ရှ် ပိုင်နက် အဖြစ် ပါဝင်လာတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG