သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား ပစ်ခတ်မှု သံသယရှိသူ ၂ ဦး အတည်ပြုနိုင်


 San Bernardino ရဲတပ်ဖွဲ့အကြီးအကဲ Jarrod Burguan သတင်းစာရှင်းလင်း။ (ဒီဇင်ဘာ ၂၊ ၂၀၁၅)
San Bernardino ရဲတပ်ဖွဲ့အကြီးအကဲ Jarrod Burguan သတင်းစာရှင်းလင်း။ (ဒီဇင်ဘာ ၂၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ San Bernardino မြို့မှာ ဗုဒ္ဓဟူးနေ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူနှစ်ဦးဟာ ဘယ်သူတွေဆို တာကို အာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ပါတယ်။ လူမှုဝန်ထမ်းဌာန တခုမှာဖြစ်တဲ့ ပစ်ခတ်မှုကြောင့် လူ ၁၄ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရပါတယ်။

သံသယရှိသူတွေကတော့ အသက် ၂၈ နှစ်အရွယ် အမေရိကန်ဖွား Syed Farook နဲ့ အသက် ၂၇ နှစ်အရွယ် Tashfeen Malik တို့ဖြစ်တယ်ဆိုတာ San Bernardino ရဲတပ်ဖွဲ့အကြီးအကဲ Jarrod Burguan က San Bernardino မြို့မှာ ဗုဒ္ဓဟူးနေ့ညက ပြောပါတယ်။

အစောပိုင်းမှာကတည်းက Farook ကို သံသယရှိသူတဦးအဖြစ် သတင်းဌာန အများအပြားက ပြောထားကြပါတယ်။ သူတို့နှစ်ဦး ဟာ လက်ထပ် ထားတာ ဒါမှမဟုတ် စေ့စပ်ထားသူတွေဖြစ်တယ်လို့ Burguan ကပြောပါတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ထားပြီး ကလေးတယောက်ရှိတယ်ဆိုတာကို AP သတင်းဌာနကရော Los Angeles Times သတင်းစာကပါ ဖော်ပြပါတယ်။

Farook ဟာ San Bernardino ကောင်တီ ကျန်းမာရေးဌာနက ဝန်ထမ်းတဦးဖြစ်တယ်ဆိုတဲ့ အစောပိုင်းသတင်းတွေကိုလည်း ရဲတပ်ဖွဲ့အကြီးအကဲ Burguan က အတည်ပြုပါတယ်။ အဲဒီကျန်းမာရေးဌာနဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မသန်မစွမ်းသူတွေ အတွက် ဝန်ဆောင်မှုပေးနေတဲ့ဌာနဖြစ်ပါတယ်။

Inland ဒေသဆိုင်ရာဌာနက ဝင်းတခုထဲမှာ ခရစ္စမတ်ပွဲ လုပ်နေကြရင်း Farook ဟာ အဲဒီခရစ္စမတ်စ်ပွဲကနေ ဒေါသတကြီးနဲ့ထွက်သွားပြီး တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်တွေ၊ semi-automatic သေနတ်တွေ ယူပြီး Malik နဲ့အတူ ပြန်ရောက် သွားတာပါ။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် Farook နဲ့ Malik တို့ကို အနားက Redlands မြို့မှာ ရဲက ခြေရာခံမိပါတယ်။

အဲဒီနောက် သူတို့ကားနောက်ကို ရဲတွေက လိုက်ဖမ်းပြီး အပြန်အလှန် ပစ်ခတ်ကြပြီးတဲ့နောက် Farook နဲ့ Malik တို့ နှစ်ယောက်လုံး သေဆုံးသွားပါတယ်။ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။

XS
SM
MD
LG