သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခု တောင်းဆို


မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်ခြင်း မရှိတာတွေကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ ချမှတ်မှုတွေနဲ့ အရေးယူထားခဲ့ပါတယ်။ အဲဒီလို အရေးယူမှုက မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှေးကွေးစေတယ်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။ ဒီအတွက် နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တိုင်းရင်းသားပါတီ ၅ ခုက ဒီကနေ့ တောင်းဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် ပြည်သူလူထုကို တကယ်ပဲ ထိခိုက်စေသလားဆိုတာ တိတိကျကျ သိရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အမေရိကန် အပါအဝင် အနောက်ဥရောပ နိုင်ငံတွေက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီအရေး မဆောင်ရွက်မှုတွေကြောင့် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ မိသားစုတွေ စစ်အစိုးရနဲ့ နီးစပ်တဲ့ အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲကနေ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့က ကြေညာချက်ထုတ်ပြီး တောင်းဆိုပါတယ်။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုက တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးမှုမှာ ဘယ်လောက် အတိုင်းအတာထိ ထိခိုက်မှု ရှိနေလဲ ဆိုတဲ့အကြောင်း မေးမြန်းတဲ့ အခါမှာတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက အခုလို ပြောပါတယ်။

“တိုင်းရင်းသားတွေ မဖွံ့ဖြိုးဘူးဆိုတဲ့ ကိစ္စမှာတော့ Factors တွေ အများကြီးထဲမှာ Sanction ဆိုတာလည်း တခုပါတယ်ပေါ့ဗျာ။ အဲဒီဒေသတွေမှာ FDI ပေါ့၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ Technology တွေ မရောက်တာထက် စာရင် ရောက်လာရင်တော့ တစုံတရာ Improve ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ Sanction ကို ရုပ်ရုံနဲ့တော့ တိုင်းရင်းသားဒေသ အားလုံးဟာ တခါတည်း အပြီးအပိုင် ဖွံ့ဖြိုးတိုးတက်သွားမယ်လို့တော့ ကျနော်တို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးဖို့အတွက် တာဝန်ရှိတဲ့ အချက်အလက်တွေကတော့ အများကြီး၊ အများကြီးရှိတယ်။ အဲဒီထဲမှာ Sanction ဆိုတာ အချက်တခု ပါတယ်ပေါ့ဗျာ။ အဲဒါပါပဲ။”

အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မဝင်တာကြောင့် တိုင်းရင်းသား ဒေသတွေမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးရတယ်၊ ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်တာကြောင့် ပြည်ပကို ပြောင်းရွှေ့နေထိုင်မှုတွေ များပြားလာရတာလို့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။

တိုင်းရင်းသား ဒေသတွေ ဖွံ့ဖြိုးမှု နောက်ကျရတာက စစ်အစိုးရရဲ့ တာဝန်ယူ လုပ်ဆောင်မှု နည်းတာတွေလည်း ပါဝင်တယ်လို့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ရုံနဲ့ တိုင်းရင်းသား ပြည်နယ်တွေ ချက်ချင်းဆိုသလို ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပေမဲ့ ဖယ်ရှားရမဲ့ အချက်အလက်တခု ဖြစ်တဲ့အတွက်သာ တောင်းဆိုရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“လောလောဆယ် ကာလမှာ ကျနော်တို့က ဘာမှ မဖွံ့ဖြိုးဘူး။ နိုင်ငံတော်ကလည်း တာဝန်ယူမှု အပိုင်းမှာ အင်မတန် အားနည်းတဲ့ အပိုင်းတွေ ရှိတယ်။ တကယ့် Open ဖြစ်ဖို့အတွက် နိုင်ငံတော်ဘက်ကလည်း တစိတ်တပိုင်း ဖြစ်သလို နိုင်ငံတကာ Community အနေနဲ့လည်း ဒီနေရာကို Investment တွေ ဝင်လာစေချင်တဲ့ သဘောနဲ့ ပြောတာပါ။ Sanction ကို ရုပ်သိမ်းရုံနဲ့ ကျနော်တို့ ရခိုင်ပြည်ကြီးက ချက်ချင်း တိုးတက်သွားမယ်၊ ဖွံ့ဖြိုးသွားမယ်ဆိုတာ မဟုတ်ဘူး။”

အခု တိုင်းရင်းသားပါတီတွေ အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ပြည်သူလူထု ထိခိုက်နစ်နာ နေရတာတွေကို တိတိကျကျ ဖော်ထုတ်သင့်တယ်လို့ NLD ပါတီရဲ့ အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ဆိုပါတယ်။

“တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို စာနာတယ်၊ ထောက်ထားတယ်၊ လေးစားတယ်။ သို့သော် ဒီကိစ္စတွေဟာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းရင်းသားတွေမှာ ထိခိုက် နစ်နာတယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား၊ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားတွေကို ဖျက်ဆီးနေတဲ့ စစ်အစိုးရရဲ့ လက်ချက်ကြောင့်၊ စစ်အစိုးရရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်၊ စစ်အစိုးရရဲ့ စီးပွားရေး စီမံကိန်းတွေ မှားယွင်းမှုကြောင့်၊ စစ်အစိုးရရဲ့ တိုင်းပြည်ငွေကြေး ကိစ္စတွေမှာ ကွပ်ကဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တာတွေလား၊ အဲဒါတွေကို ပိုင်းခြားပြီး၊ သေချာစဉ်းစားပြီးတော့ တိတိကျကျ တင်ပြပါ။”

အခု တိုင်းရင်းသားပါတီ ၅ ခု ပူးပေါင်းပြီး စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပေးရေး၊ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနဲ့ ပြည်နယ်ဝန်ကြီး နေရာတွေနဲ့ ဒုတိယသမ္မတ နေရာတွေမှာ တိုင်းရင်းသားတွေ ပါဝင်ခွင့်ပြုရေး တောင်းဆိုထားပါတယ်။ ဒီတိုင်းရင်းသားပါတီ ၅ ခုက ဒီလကုန်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်တွေထဲမှာ အမတ်နေရာပေါင်း ၁,၁၅၄ ခုထဲက အမတ်နေရာ ၁၂၆ နေရာ အနိုင်ရရှိထားပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ တချို့က အခုလို ကြေညာချက်ထုတ် တောင်းဆိုတဲ့ တချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့နေတာတွေကို ချက်ချင်း ဒါမှမဟုတ်လည်း တတ်နိုင်သမျှ စောစော ဖယ်ရှားပေးစေလိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

XS
SM
MD
LG