ရှေ့သီတင်းပတ်ထဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ဖို့အထိ အပြန်အလှန် ဆက်ဆံမှုတွေ တိုးတက် လာပေမဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကိုတော့ ရုပ်သိမ်းဦးမှာ မဟုတ်သေးဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြောလိုက်ပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံတွင်းမှာ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ယုံကြည်ထားတဲ့အတွက် ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဒီဇင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အထိ ၂ နိုင်ငံ သံတမန် ဆက်ဆံရေးတွေ တိုးတက်လာပေမဲ့လည်း မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတာတွေ လတ်တလော ရုပ်သိမ်းမှာတော့ မဟုတ်သေးဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပေမဲ့ တချိန်တည်းမှာပဲ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လတ်တလော မြန်မာနိုင်ငံက အခြေအနေတွေဟာ ဒဏ်ခတ် အရေးယူထားတာတွေကို အဆုံးသတ်ရလောက်အောင် အထိတော့ မဟုတ်သေးဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန် ရုဒ်စ် (Ben Rhodes) က ဝါရှင်တန် နိုင်ငံခြားသတင်းစာဆရာများ အသင်းတိုက်မှာ အင်္ဂါနေ့ကပဲ ပြောဆိုသွားတာ ဖြစ်ပါတယ်။
“ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ ကျနော်ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် တစိတ်တပိုင်း အားဖြင့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အရှိန်အဟုန် ပိုကောင်းလာအောင် လုပ်ဆောင်သွားဖို့ ဖြစ်သလို၊ ရှေ့မှာ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို စူးစမ်းဖို့လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပိတ်ဆို့မှုတွေကို အခုအချိန်မှာ ပြန်ပြီး ရုပ်သိမ်းဖို့တော့ အစီအစဉ် မရှိသေးပါဘူး။”
လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာအစိုးရအပေါ် ဆယ်စုနှစ်တွေနဲ့ချီပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပေမဲ့လည်း မြန်မာအစိုးရဘက်က တိုးတက်မှုတွေ ရှိရင်ရှိသလို အပြန်အလှန် တုန့်ပြန်ဆောင်ရွက် သွားမယ်လို့ ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး အစိုးရသစ်အဖြစ် ဒီနှစ်မတ်လကုန်မှာ တက်လာတဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကတော့ ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်မယ်ဆိုပြီး ကတိပြုခဲ့ပြီးနောက်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပြန်လွှတ်ပေးခဲ့သလို၊ သမ္မတ အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နိုင်ငံရေး အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတာ၊ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့် ပေးတာတွေလည်း ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ပါဝင်ဖို့အထိ ပြင်ဆင်လာတာပါ။
ဒီလို ဖြစ်ထွန်းမှုတွေ တွေ့မြင်လာရပေမဲ့လည်း အခြေအနေတွေဟာ ရေရှည်ခံဖို့ လိုအပ်နေတာမို့ အမေရိကန် ပြည်ထောင်စုကတော့ မူဝါဒ အပြောင်းအလဲတွေ မလုပ်ခင် အသေအချာ စောင့်ကြည့်ဖို့ လိုလားနေတာဖြစ်ပါတယ်။
“သမ္မတရဲ့ ကြေညာချက်အပေါ်မှာ မြန်မာအစိုးရဘက်က အပေါင်းလက္ခဏာဆောင်တဲ့ တုန့်ပြန်မှုတချို့ တွေ့ရသလို၊ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း အပေါင်းလက္ခဏာဆောင်တဲ့ တုန့်ပြန်မှုတွေ ရှိနေပါတယ်။ ဥပမာအားဖြင့်ဆိုရင် နိုင်ငံရေး လမ်းစဉ်ထဲမှာ သူ့အနေနဲ့ ပါဝင်လာတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသွားနေတဲ့ လမ်းကြောင်းကို အဆုံးအထိ စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီလမ်းကြောင်းဟာ အမေရိကန် ပြည်ထောင်စု မျှော်လင့်တဲ့ ပုံစံအတိုင်း ဖြစ်ရဲ့လားဆိုတာ အဆုံးအထိ စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။ ဒီလို အဆုံးအထိ စောင့်ကြည့် လေ့လာဖို့ လိုအပ်တယ်ဆိုတဲ့ ကိစ္စဟာ သမ္မတက ထောက်ပြထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက်ဖို့သာမက၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တိုင်းရင်းသား လူမျိုးစုတွေအပေါ် လေးစားမှုရှိဖို့တွေဟာလည်း အရေးကြီးတယ်လို့ အမေရိကန် ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဘန် ရုဒ်စ် ကပြောသွားပါတယ်။
အမေရိကန် ပြည်ထောင်စုလို မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ ဥရောပသမဂ္ဂ (EU) ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့တာ အပါအဝင် မြန်မာနိုင်ငံက မကြာသေးခင်က ဖြစ်ထွန်းမှုတွေ အတွက် ကြိုဆိုကြောင်း ပြောဆိုထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကိုလည်း ပြန်လည် သုံးသပ်နေတဲ့အကြောင်း EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) က အရင်တပတ်ထဲမှာပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။