သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sandy မုန်တိုင်း ဟာရီကိန်းအဖြစ် ပြန်အားကောင်း


စန္ဒီ မုန်တိုင်း ရိုက်ခတ်နိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းပြမြေပုံ။ (အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၂)။
စန္ဒီ မုန်တိုင်း ရိုက်ခတ်နိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းပြမြေပုံ။ (အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၂)။
စန္ဒီ (Sandy) ဟာရီကိန်း မုန်တိုင်းကို အပူပိုင်း မုန်တိုင်းအဖြစ် အဆင့်လျှော့ချခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ အန္တလန္တိတ် သမုဒ္ဒရာဘက်ခြမ်း အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းခြေတကြောမှာ စနေနေ့ ဒီကနေ့မှာတော့ ဟာရီကိန်း မုန်တိုင်းအဖြစ် ပြန်လည် အသွင်ကူးပြောင်းသွားပါပြီ။ မုန်တိုင်းဟာ ဗဟိုချက်ကနေ မိုင် ၁၀၀ အဝန်းအဝိုင်း အထိ ကျယ်ပြန့်ပြီး ကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းအသွင် ပြောင်းနေတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စောင့်ကြည့်ရေးဌာနက ပြောပါတယ်။

စန္ဒီ မုန်တိုင်းဟာ အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းခြေတကြော တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကနေ မြောက်ပိုင်း မန်ဆာချူးဆက် ပြည်နယ် နယူးအင်္ဂလန် အထိ အင်အားပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်ဖို့ ရှိတာကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ ဒုက္ခရောက်နိုင်ပါတယ်။ ကာရေဘီယံ ဒေသမှာ ဆန်ဒီ ဟာရီကိန်း မုန်တိုင်း ဖြတ်သန်း တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၄၃ ယောက် သေဆုံးခဲ့ရပါတယ်။ တနင်္ဂနွေနေ့ညမှာ အင်အား ပိုပြင်းလာဖို့ အလားအလာ ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ အခုလောလောဆယ် စန္ဒီ မုန်တိုင်းဟာ တနာရီ ၇၅ မိုင်နှုန်းနဲ့ တိုက်ခိုက်နေပါတယ်။

မုန်တိုင်းရဲ့ အရှည်ကြောင့် လေက မြောက်ဘက်နဲ့ အနောက်ဘက်ကနေ တိုက်ခိုက်မှာ ဖြစ်တဲ့ အကြောင်း လေတိုက်နှုန်း ပြင်းမှာဖြစ်သလို မိုးကြီးနိုင်ကြောင်း ကုန်းမြင့်ပိုင်း တောင်ပေါ်ဒေသတွေမှာ လည်း ဆီးနှင်းကျမယ့် အလားအလာ ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ခန့်မှန်းထားပါတယ်။

စန္ဒီ မုန်တိုင်းဟာ ဘဟားမားစ်၊ ကျူးဘား၊ ဟေတီ နဲ့ ဂျမေကာ နိုင်ငံတွေ ကို ဖြတ်သန်းခဲ့ပြီး မြောက်ဘက်ကို ဦးတည် ရွေ့လျားနေပါတယ်။ ဝါရှင်တန်ဒီစီ၊ မယ်ရီလန်း၊ ဗာဂျီးနီးယားနဲ့ မြောက် ကာရိုလိုင်းနား ပြည်နယ်တွေမှာတော့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ တနင်္လာနေ့ညပိုင်းနဲ့ အင်္ဂါနေ့မှာ ဒယ်လက်ဝဲ နဲ့ နယူးဂျာစီ ပြည်နယ် ကုန်းတွင်းပိုင်းကို စန္ဒီမုန်တိုင်း ဝင်ရောက် တိုက်ခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
XS
SM
MD
LG