သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မုန်တိုင်းသင့် ဒေသ သွားမည်


New York City after damage from Hurricane Sandy, October 30, 2012. (A.Phillips)
New York City after damage from Hurricane Sandy, October 30, 2012. (A.Phillips)
သမ္မတ အိုဘားမားက Sandy Hurricane မုန်တိုင်းဒဏ် အထိနာခဲ့တဲ့ New Jersey ပြည်နယ်ကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သွားရောက်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အတူ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေကို ကျေးဇူးတင်စကား ပြောဆိုဖို့ ရှိပါတယ်။
အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်းတဲ့ ဆန်ဒီဟာရီကိန်း မုန်တိုင်း ဝင်ရောက် မွှေနှောက် သွားတဲ့အတွက် လူ ၃၂ ယောက်ထက်မနည်း သေဆုံးပြီး သန်းနဲ့ချီတဲ့ လူထု လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။

မုန်တိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ်ကိုတော့ သဘာဝဘေး အန္တရာယ်ဆိုးကို ရင်ဆိုင်ရတဲ့ ဒေသအဖြစ်နဲ့လည်း သမ္မတ ဘရက်ခ် အိုဘားမားက ကြေငြာလိုက်ပါတယ်။ မုန်တိုင်းကြောင့် နယူးယောက်မြို့ အနိမ့်ပိုင်း မှာရှိတဲ့လမ်းတွေ အပါအဝင် နေရာ အတော်များများမှာ ရေမြှုပ်ခဲ့ပြီး မီးတွေလည်း ပျက်ခဲ့ပါတယ်။

ဆန်ဒီဟာရီကိန်း မုန်တိုင်းဟာ နယူးယောက်မြို့ တောင်ဘက်ကို တနင်္လာနေ့ ညပိုင်းက လေတိုက်နှုန်း ပြင်းအား ၁၂၅ မိုင်နှုန်းနဲ့ ဝင်ရောက် တိုက်ခတ် ခဲ့တာဖြစ်ပြီး မုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စုမှာ လူဦးရေ အထူထပ်ဆုံး ဒေသတွေထဲက တခုဖြစ်တဲ့ အရှေ့မြောက်ဘက် အခြမ်းမှာ လေပြင်း တိုတ်ခတ်ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို၊ ပင်လယ်ထဲမှာလည်း အန္တရာယ် ဖြစ်စေတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ခဲ့ပါတယ်။

မုန်တိုင်းဟာ အခုအခါ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး အားပျော့သွားပေမဲ့ တနာရီကို လေတိုက်နှုန်း မိုင် ၆၀ လောက် ရှိနေပြီး ဒီကနေ့မှာတော့ ကနေဒါနိုင်ငံကို ဝင်ရောက် တိုက်ခတ်သွားမှာ ဖြစ်တယ်လို့ အမျိုးသား မိုးလေဝသဌာနက ခန့်မှန်း ထားပါတယ်။
XS
SM
MD
LG