သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်းအန္တရာယ် ကာကွယ်ရေး စိုင်းပြင်း


အမေရိကန်ပြည်ထောင်စု ပြည်မ ကုန်းတွင်းပိုင်းကို အင်အားအပြင်းထန်ဆုံး မုန်တိုင်းတိုက်ခတ်မယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်းနေတာကြောင့် အရှေ့ဘက် ကမ်းခြေတကြော မှာ လေနဲ့ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင် နေကြပါပြီ။

စန္ဒီ လို့ နံမည်ပေးထားတဲ့ ဟာရီကိန်းမုန်တိုင်းဟာ Atlantic သမုဒ္ဒရာ ကမ်းရိုးတန်း ဘက်ကို ဦးတည်နေပြီး မြောက်ဘက်က လာမယ့် ဆောင်းရာသီမုန်တိုင်း ၂ ခုနဲ့ ထိတွေ့ပြီး Super Storm ခေါ် အင်အားအပြင်းထန်ဆုံး မုန်တိုင်းအသွင်ပြောင်း တိုက်ခတ်မယ်လို့ မိုးဇလကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ အဲဒီ Super Storm ဟာရီကိန်းမုန်တိုင်းဟာ မိုင် ၇၅၀ အဝန်းအဝိုင်းအထိ ကျယ်ပြန့်နိုင်ပြီး အရှေ့ဘက်ကမ်းခြေတကြောက လူဦးရေ သန်း ၆၀ ကို ဒုက္ခပေးနိုင်ပါတယ်။

မုန်တိုင်း တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းက ဝါရှင်တန်ဒီစီ၊ ဘော်လ်တီမိုး၊ နယူးယောက်၊ ဖီလာဒဲဖီးယားနဲ့ ဘော်စတွန် မြို့ကြီးတွေမှာ ကြိုတင် ကာကွယ်ကြဖို့ ပြင်ဆင်နေကြပါပြီ။ စန္ဒီ ဟာရီကိန်း မုန်တိုင်းဟာ အရှေ့ဘက်ကမ်းရိုးတန်းကို တနင်္လာနေ့ ညပိုင်းမှာ တိုက်ရိုက် ဝင်ရောက် တိုင်ခတ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက် အရ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတိပေး နှိုးဆော်နေပါတယ်။

အရှေ့ဘက်ခြမ်းက ပြည်နယ်အတော်များများမှာ လေမုန်တိုင်းနဲ့အတူ မိုသည်းထန်ပြီး ရေကြီးနိုင်သလို တချို့ဒေသတွေ မှာ ဆီးနှင်းမုန်တိုင်းပါ တိုက်ခတ်နိုင်ဖွယ်ရှိပါတယ်။ အခုလောလောဆယ် စန္ဒီ မုန်တိုင်းဟာ တနာရီ ၇၅ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး မုန်တိုင်းဗဟိုချက်ကနေ မိုင် ၁၀၀ အဝန်းအဝိုင်းနဲ့ လည်ပတ် ရွေ့လျားနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG