သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်က တရုတ်မြို့သစ် အငြင်းပွါးနိုင်ငံတွေ စောင့်ကြည့်


Sansha Islet
Sansha Islet

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်က Paracel ကျွန်းစုထဲမှာ တရုတ်အစိုးရက Sansha ဆိုတဲ့မြို့ တည်ထောင်နေတာကို ပိုင်ဆိုင်မှုအတွက် ဝိုင်းပြီးအငြင်းပွားနေတဲ့ အခြား ၄ နိုင်ငံက သတိထား စောင့်ကြည့် နေပါတယ်။ အခုလို တရုတ်ရဲ့ နယ်မြေချဲ့ထွင်ရေး ကြိုးပမ်းမှုက ရေပိုင်နက်အငြင်းပွားမှုကို ပိုထိန်းချုပ်လာ နိုင်အောင် အထောက်အပံ့ပြုသလို ဖြစ်နေကြောင်း သုံးသပ်သူတွေရှိပါတယ်။ Ralph Jennings တိုင်ပေမြို့က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။

လူမနေတဲ့ တောင်တရုတ်ပင်လယ်ထဲကကျွန်းစုမှာ ကြိုတင်စီမံထားတဲ့အတိုင်း မြို့ကြီးတမြို့ဖြစ်လာအောင် တည်ဆောက်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုက အိမ်နီးချင်း ၅ နိုင်ငံစလုံး သူတို့ပိုင်ဆိုင်ပါတယ်လို့ ဝိုင်းပြီး အငြင်းပွားနေတဲ့ အဲဒီဒေသ ထိန်းချုပ်ရေးမှာ တရုတ်ကို အသာစီးရသွား စေပါတယ်။

Sansha လို့အမည်ပေးထားတဲ့ ကျွန်းမြို့ကို တရုတ်ပြည်မကြီးရဲ့တောင်ဘက်က ကျွန်းပေါ်မှာ တည်ထောင် နေတယ် ဆိုပေမယ့် လမ်းတံတား ရေ/မီးစတဲ့ အခြေခံအဆောက်အဦတွေ၊ သဘာဝ ဝန်းကျင် ကာကွယ်ရေးနဲ့ နေထိုင်မယ့်လူတွေရဲ့ အသက်မွေးဝမ်းကြောင်း၊ လုံခြုံရေးတပ် တိုးချထားရေး စတဲ့ လုပ်ဆောင်စရာ အသစ်တွေ ကို ရင်ဆိုင်ကျော်လွှားရမှာဖြစ်တယ်လို့ တရုတ်ကွန်မြူပါတီရဲ့ ဝက်ဘ်ဆိုဒ်မှာ ရေးထားပါတယ်။

Sansha မြို့မှာ လက်ရှိ လူဦးရေ ၁၅၀၀ လောက်ရှိပြီး တောင်တရုတ်ပင်လယ်ထဲက အခြားကျွန်းတွေထက်စာရင် လူအများဆုံးနေတဲ့ကျွန်း ဖြစ်လာပါတယ်။ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း Sansha ရှိတဲ့ကျွန်းအပါဝင် Paracel ကျွန်းစုဟာ သူတို့နဲ့ဆိုင်တယ်လို့ ကြေညာထားတာပါ။ တောင်တရုတ်ပင်လယ်ထဲက Spratly ကျွန်းစု ကို တရုတ်အပါဝင် ထိုင်ဝမ်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကပါ ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွားလာခဲ့ ကြပါတယ်။

Sansha တိုးချဲ့မြို့ အစီအစဉ်ကြောင့် စတုရန်းကီလိုမီတာ ၃.၅ သန်းရှိတဲ့ ပင်လယ်ရေပြင် ပိုင်နက်မှာ တရုတ် စစ်တပ် အတွက်ရော၊ သုတေသန လုပ်နိုင်ဖို့အတွက်ပါ လက်ဦးမှု ရသွားစေပြီး ပိုင်နက် ကြေညာမယ့်ကိစ္စမှာ တရုတ်ကို အသာစီး ရသွားစေတယ်လို့ စကာၤပူ နိုင်ငံတကာ လေ့လာရေးတက္ကသိုလ်က သုတေသီ Oh Ei Sun ကပြောပါတယ်။

“နိုင်ငံတခုက ကုန်တွင်းပိုင်းမှာဖြစ်ဖြစ် ပင်လယ်ပြင်မှာဖြစ်ဖြစ် ကိုယ့်ရဲ့အချုပ်အခြာ ပိုင်နက် ကို ချဲ့ထွင်မယ်ဆိုရင် နိုင်ငံတကာဥပဒေအရ အဲဒီနေရာမှာ အုပ်ချုပ်ရေးစနစ် ရှိရမှာဖြစ်သလို၊ လူတွေကလည်း တကယ် နေနေတာမျိုး ဖြစ်ရပါမယ်။ အဲဒီမှာနေသူတွေ က ဘဝရှင်သန်ရေး အသက်မွေးဝမ်းကျောင်း လုပ်နေရမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ့်ချဲ့ ထွင်မှု က ခိုင်မာနိုင်မှာပါ။”

၁၀-စတုရန်းကီလိုမီတာအကျယ်ရှိတဲ့ Woody ကျွန်းပေါ်မှာ Sansha မြို့ကိုတည်ထား တာဖြစ်ပြီး ဆေးရုံ၊ ဘဏ်နဲ့ စတိုးဆိုင်တွေရှိပါတယ်။ ဒီလို ကျွန်းမြို့ကြီးမှာ ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်သလို တရုတ်စစ်တပ် အခြေချစခန်း ထူထောင်တာ၊ ဘေးဝန်းကျင်က ပင်လယ်ပြင်ကို သုတေသန ပြုလာနိုင်လိမ့်မယ်လို့ အကဲခတ် တွေ က သုံးသပ်ကြပါတယ်။

Sansha မြို့ စည်ကားလာတာနဲ့အမျှ တချိန် အငြင်းပွားမှုဖြေရှင်းကြတဲ့အခါ ဒီကျွန်းစုကို တရုတ်က အုပ်ချုပ်ခဲ့ တယ် ဆိုတဲ့ နောက်ကြောင်း အထောက်အထားတခုကို ရသွားစေ လိမ့်မယ်လို့ တိုကျိုမြို့ ခရစ်ယာန် တက္ကသိုလ်က နိုင်ငံတကာလေ့လာရေးပါမောက္ခ Stephen Nagy က ပြောပါတယ်။

“ကျနော်တို့ မြင်နေရတာက - တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာဥပဒေ ဘောင်ထဲ ဝင်အောင် သူ့ အမှုကို တည်ဆောက်နေပြီး ဒေသတွင်းက အခြား အငြင်းပွား နေတဲ့ နိုင်ငံတွေရဲ့တောင်းဆိုမှုတွေကို တဖြည်း ဖြည်း မှေးမှိန်သွားစေမှာ ဖြစ်ပါတယ်။ ဒါက ဗီယက်နမ်တို့ ဖိလစ်ပိုင်တို့ မလုပ်နိုင်တဲ့ တမူထူးခြားတဲ့ စွမ်းဆောင် ရည်ဖြစ်ပါတယ်။”

ပင်လယ်ရေပိုင်နက် အငြင်းပွားမှုနဲ့ပတ်သက်လို့ ၂၀၁၆ ခုနှစ်တုန်းက တရုတ်ဟာ ဖိလစ်ပိုင်နိုင်ငံကို ကမ္ဘာ့ ခုံသမာဓိရုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ရေပိုင်နက်အငြင်းပွားမှုမှာ ဗီယက်နမ်နိုင်ငံကတော့ သက်ဆိုင်ရာ အခြားနိုင်ငံတွေထက် စာရင် ပိုပြီးအသံ ထွက်တယ် လို့ စင်္ကာပူတက္ကသိုလ် သုတေသီ (အို့)ကဆိုပါတယ်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုကိစ္စကို ဗီယက်နမ်အနေနဲ့ ထပ်မံလျှောက်လဲသင့်ပြီး၊ အနောက် နိုင်ငံတွေရဲ့ အားကိုယူပြီး လုပ်ဆောင်သင့်တယ်လို့ ဟိုချီမင်းတက္ကသိုလ် လူမှု သိပ္ပံပါမောက္ခ Trung Nguyen ကပြောပါတယ်။

“တရုတ်နိုင်ငံဆီက ကောင်းမွန်တဲ့အပြုအမူကို သူတို့မျှော်လင့်နေကြပါတယ်။ တကယ်လို့ တောင်တရုတ်ပင်လယ် ထဲ နယ်ပယ်ချဲ့ထွင်မှုကို တရုတ်က ရှေ့ဆက်တိုး လုပ်နေမယ် ဆိုရင် အထူးသဖြင့် တရုတ်နဲ့ရင်းနှီးတဲ့ ဗီယက်နမ် ခေါင်းဆောင်တွေ အနေနဲ့ တရုတ်ကို ဆန့်ကျင်တဲ့ အခြားနည်းလမ်းတခု ရှာဖွေကြလိမ့်မယ်ဆိုတာ သဘော ပေါက်လာကြပါ လိမ့်မယ်။”

၂၀၁၆ ခုံသမာဓိရုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့ချိန်ကစပြီး တရုတ်ဟာ ပိုင်နက်အငြင်းပွားနေတဲ့ နိုင်ငံတွေကို စီးပွားရေးအထောက်အပံ့တွေပေးပြီး ငြိမ်းချမ်းစွာနဲ့ ဆက်ဆံလာနေခဲ့တာ ဖြစ်ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG