သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာ့ နုဂ္ဂဟအသင်း ဖွင့်ရေး အချေအတင်ဖြစ်


သာသနာ့ နုဂ္ဂဟအသင်း ဖွင့်ရေး အချေအတင်ဖြစ်
သာသနာ့ နုဂ္ဂဟအသင်း ဖွင့်ရေး အချေအတင်ဖြစ်

မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံပေးပြီး ဖွဲ့စည်းထားတဲ့ ဘာသာရေးအဖွဲ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အတွင်းမှာ အသင်းရုံးခန်း ဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့ရာက ဒေသခံတွေနဲ့ မပြေမလည် ဖြစ်ခဲ့ကြပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ ဘာသာရေး၊ လူမှုရေး အခမ်းအနားတွေအတွက် အသုံးပြုတဲ့ အဆောက်အဦးမှာ ဗုဒ္ဓ သာသနာ့ နုဂ္ဂဟအသင်း ဖွင့်လှစ်ဖို့ လာရောက် ဆွေးနွေးရာက မနေ့ညပိုင်းမှာပဲ အချေအတင် စကားများတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ သုံးထပ် ဓမ္မာရုံကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက သာသနာ့ နုဂ္ဂဟ ဘာသာရေးအသင်း မြို့နယ်ရုံးခန်း ဖွင့်လှစ်ဖို့ အာဏာသုံး တောင်းယူမှုကြောင့် အာဏာပိုင်တွေနဲ့ ရပ်ကွက်လူထုကြား တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။ ရပ်ကွက်နေ ပြည်သူလူထု အလှူငွေနဲ့ တည်ဆောက်ထားတဲ့ ဓမ္မာရုံကို မြို့နယ် အာဏာပိုင်တွေက အတင်းအဓမ္မ တောင်းယူနေတာ ဖြစ်တယ်လို့ ရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

“မဝတ ဥက္ကဋ္ဌက အမတို့ရပ်ကွက်က ဓမ္မာရုံရှိတယ်လေ၊ သုံးထပ် ဓမ္မာရုံ၊ သုံးထပ်ဓမ္မာရုံရဲ့ အလယ်ထပ်ကို လိုချင်တယ်ဆိုပြီး သူက လာတောင်းတယ်။ ရပ်ကွက်ဥက္ကဋ္ဌရယ်၊ ဂေါပကတွေရယ်က နေပြီးတော့၊ အမတို့ ရပ်ကွက်ထဲမှာ ဆွမ်းလောင်းအသင်းတွေ ရှိတယ်လေ။ ဆွမ်းလောင်းအသင်းတွေကို ဖိတ်ပြီးတော့ အစည်းအဝေး ထိုင်ကြတယ်။ ထိုင်ကြတော့ အမတို့ရပ်ကွက်မှာ ဓမ္မာရုံကြီးက တရပ်ကွက်လုံးရဲ့ လှူဒါန်းတဲ့ ငွေတွေနဲ့ ပြုပြင် တည်ဆောက်ထားတယ်။ အလှူပေးတဲ့ သူတွေလည်း ရှိတယ်။ အဲဒီလိုမျိုးနဲ့ တည်ဆောက်ထားတဲ့ အတွက်ကြောင့် ဆွမ်းလောင်းအသင်းတွေကရော၊ ရပ်ကွက်ပြည်သူတွေကရော မပေးချင်ဘူးပေါ့၊ သူတို့ကို။”

ဗဟန်းမြို့နယ် ဆရာစံ (မြောက်) အရှေ့ရပ်ကွက် ဦးချစ်မောင်လမ်း၊ အရှေ့ဗဟိုလမ်းနဲ့ မှန်ရေ၀ လမ်းကြားမှာရှိတဲ့ ၃ ထပ် နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံကြီးကို ရပ်ကွက်နေ ပြည်သူလူထုက အာဏာပိုင်တွေကို မပေးချင်ကြပါဘူး။ ဒါကို အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့ကြတဲ့အတွက် ရပ်ကွက်နေ ပြည်သူလူထုက ဓမ္မာရုံဆီကို စုရုံး ရောက်ရှိလာခဲ့ကြပါတယ်။

“ပထမတုန်းကတော့ သူပြောတယ်၊ ဘယ်နှစ်ပေ၊ ဘယ်နှစ်ပေလောက်၊ အကျယ်လေးကို ဘယ်နှစ်ပေ ယူမယ်၊ ဆိုင်းဘုတ်လေးဆိုလည်း ၂ ပေ၊ ၄ ပေလောက်ပေါ့၊ ၄ ပေလောက် အကျယ်အဝန်းလေးကို ယူမယ် ပြောတော့ ဥက္ကဋ္ဌတွေ၊ ဂေါပကတွေကလည်း ယူ၊ ပေးမယ်ပေါ့၊ ဒါပေမဲ့ အကန့်အသတ်လေးပေါ့၊ ၆ လဆို ၆ လ၊ ၁ နှစ်ဆို ၁ နှစ်၊ အဲဒီလို အကန့်အသတ်လေးနဲ့ စာချုပ်လေးတော့ ချုပ်ပေး။ ပြည့်တာနဲ့ ကျနော်တို့ကို ပြောင်းပေးပေါ့။ အဲဒီလိုမျိုး ပြောတယ်။ ပထမတော့ ဂေါပကတွေက လိုက်လျောပါတယ်၊ သူတို့ပြောတာကို။

“လိုက်လျောနေတာကို သူတို့က ပြောင်းပေးလို့ ပြောလိုက်တဲ့ အခါကျမှ ကျနော်က စစ်တပ်ကပဲတဲ့၊ စစ်တပ်ဆိုတော့ ရှေ့ပဲ တိုးဖို့ရှိတယ်၊ နောက်ဆုတ်ဖို့ မရှိဘူးတဲ့၊ သူက အဲဒီလိုမျိုး ပြောလိုက်တဲ့ အခါကျတော့ လမ်းထဲက အစည်းအဝေးတက်တဲ့ ဆွမ်းလောင်းအသင်းက ကလေးတွေက မခံနိုင်တော့ဘူး ဖြစ်သွားတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပေါ့။ ရပ်ကွက် တရပ်ကွက်လုံး အရှေ့ခြမ်း၊ အနောက်ခြမ်း၊ မြောက်ခြမ်းက လာတဲ့ ပရိသတ်က ကားလမ်းတခုလုံး ပြည့်သွားတယ်။ မိန်းမ၊ ယောက်ျား၊ ကလေး ဝက်ဝက်ကွဲပဲ။ အဲဒါနဲ့ နောက်ဆုံးကျတော့ သူက သူစကားပြောတာ တခုမှားသွားပါတယ်တဲ့၊ အဲဒီလို ပြောပြီးတော့ပဲ ထပြန်သွားတယ်။”

ပြည်သူလူထု အလှူငွေနဲ့ တည်ဆောက်ထားတဲ့ ဒီဓမ္မာရုံကြီးမှာ လမ်းအလိုက် ဆွမ်းလောင်းအသင်းတွေ၊ ဝတ်အသင်းတွေနဲ့ ရပ်ကွက်က သာသနာရေး ကိစ္စတွေအတွက် အသုံးပြုနေတာပါ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဘာသာရေးအသင်း ဖွဲ့စည်းပြီး ဓမ္မာရုံမှာ ရုံးခန်း လာရောက်ဖွင့်လှစ်တာကနေ နောက်ဆုံး ဓမ္မာရုံကို အပိုင်ယူသွားမှာကို ပြည်သူလူထုက စိုးရိမ်နေကြတာလို့လည်း ရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

“ဘာသာရေးအတွက်ဆို အမတို့က ပူးပေါင်းပြီး လုပ်ဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ သူက ကျနော်က စစ်တပ်ကပါ၊ ကျနော်က စစ်သားပါ၊ အဲဒီလိုမျိုး သူက သူ့ကိုယ်သူ တင်ပြီး ပြောလိုက်တဲ့ အခါကျတော့ ပြည်သူတွေက သိတဲ့အတိုင်းပဲလေ၊ သူတို့ကို လက်မခံတဲ့သူက များတဲ့အခါကျတော့ ပေါက်ကွဲကုန်တာပေါ့။ သူကပြောတယ်၊ စတက်လာကတည်းက ကျိုက္ကဆံ၊ ဗိုလ်စိန်မှန်၊ ဂွတ်တလစ်၊ အဲဒီမှာ ဘယ်ဓမ္မာရုံမှ မကြိုက်ဘူးတဲ့၊ အမတို့ ဆရာစံ (မြောက်) အရှေ့က ဓမ္မာရုံကိုပဲ ကြိုက်တယ်တဲ့။ အကွက်အကွင်းလည်း ကျတယ်ပေါ့။ ကျနော်က စစ်တပ်ကတဲ့၊ စစ်သားတဲ့၊ ရှေ့တိုးပြီးရင် နောက်မဆုတ်ဘူးတဲ့။ အဲဒီလို စကားတခွန်း ပြောလိုက်တဲ့ အခါကျတော့ ဓမ္မာရုံကြီးကို အပိုင်စီးသွားမှာကို ရပ်ကွက်က စိုးရိမ်သွားတာပေါ့။”

သာသနာ့ နုဂ္ဂဟ အသင်းက မကြာခင်ကမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဘာသာရေး အသင်းအဖြစ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ဒီအသင်းရဲ့ ဗဟန်းမြို့နယ်ရုံးခွဲ ဖွင့်လှစ်ဖို့အတွက် ပါတီက ကိုယ်ပိုင် အဆောက်အဦး မဆောက်ဘဲ ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက်ထဲက ရပ်ကွက် ဓမ္မာရုံကြီးကို အာဏာသုံး တောင်းခံနေတာ ဖြစ်ပါတယ်။ ဒီ သာသနာ့ နုဂ္ဂဟ အသင်းက နိုင်ငံတဝန်းမှာ အသင်းခွဲတွေ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ သာသနာ့ နုဂ္ဂဟ အသင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက တည်ထောင်လိုက်တာဟာ ဘာသာရေးကို အလွဲသုံးစား လုပ်တာဖြစ်တယ် ဆိုပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

XS
SM
MD
LG