သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ဖွံ့ဖြိုးရေး ကန်နဲ့ဂျပန် ပူးပေါင်းဆောင်ရွက်ရေး ၀ါရှင်တန်မှာ ဆွေးနွေး


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးနေတာတွေဟာ အပြိုင်အဆိုင် ဖြစ်နေတယ်ဆိုရင်တောင်မှ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုပဲ ဖြစ်ပါမယ်လို့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ အဓိက တာဝန်ယူ လုပ်ဆောင်နေသူတဦးက ပြောလိုက်ပါတယ်။

ဒီကနေ့ ၀ါရှင်တန်ဒီစီမှာကျင်းပတဲ့ အမေရိကန်နဲ့ ဂျပန်တို့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု စူးစမ်းလေ့လာရေး ဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို စစ်ဘက်က အုပ်ချုပ်ခဲ့တဲ့ကာလတလျှောက် အနောက်နိုင်ငံအများစုက ဒဏ်ခတ်အရေးယူထားတာကြောင့် နိုင်ငံအနည်းငယ်နဲ့ပဲ ထိတွေ့ ဆက်ဆံနိုင်ခဲ့ပြီး အထူးသဖြင့်တော့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံပေါ်မှာ အများအားဖြင့် မှီခိုနေခဲ့ရတာပါ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီးနောက်ပိုင်းမှာတော့ အမေရိကန် အပါအ၀င် ကမ္ဘာ့နိုင်ငံအများအပြားက အကူအညီတွေ ပြန်ပေးလာကြပါတယ်။

မြန်မာနိုင်ငံကို အစဉ်အဆက် အကူအညီပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိကနိုင်ငံတခုဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နဲ့ဂျပန်တို့ ပူးပေါင်းပြီး အကူအညီပေးဖို့ ဖြစ်နိုင်ခြေနည်းလမ်းတွေကိုတောင်မှ စူးစမ်း လေ့လာတာတွေရှိလာပါပြီ။ ဒီအခြေအနေက အစဉ်အဆက် အနီးကပ်ဆက်ဆံခဲ့တဲ့ တရုတ်အတွက် စိုးရိမ်စရာဖြစ်လာမလား ဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။ ဒါပေမဲ့လည်း ဒီအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ မကျေမချမ်းဖြစ်လိမ့်မယ်လို့ မထင်တဲ့အကြောင်း ပြောသူက မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနဲ့ သီလ၀ါ အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်ပါ။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက်တောင်မှ a kind of burden ပေါ့နော် လျော့သွားသေးတယ်။ ခုနပြောတဲ့ပုံစံမျိုးထက်စာလို့ရှိရင် ဒီနိုင်ငံတွေ ပိုပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်တွေ ပိုပြီးတော့ ဖြစ်လာပြီးတော့ အရင်တုန်းကထက်ပိုပြီးတော့ calibration တွေ ပိုမြင့်လာတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အမြင်တခုနဲ့တခုတော့ မတူဘူးပေါ့နော်။ တချို့ကတော့ လောလောဆယ်မှာ strategic competition ဖြစ်လာတယ်လို့ မြင်သလို၊ တချို့က strategic cooperation ဖြစ်လာတယ်လို့လည်း မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ strategic competition ဟာလည်း မဖြစ်သင့်ဘူးလို့ ယူဆတဲ့အရာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ competition ဆိုတာကတော့ အမြဲတမ်းရှိသင့်ပါတယ်။ ဒါပေမဲ့ ဒီ level of competition ကတော့ healthy level of competition ဖြစ်ဖို့ပဲ များပါတယ်။ အခုလောလောဆယ်မှာ competition ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ ဒါဟာ healthy level of competition ဖြစ်တဲ့အတွက် ဒါဟာ healthy level of strategic cooperation ကို ဦးတည်နေတယ်လို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။”

ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း အမေရိကန်က ကြီးမှူးပြီး အမေရိကန်ပြည်ထောင်စုနဲ့ဂျပန် - မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု အတွက် အကူအညီပေးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ၀ါရှင်တန်ဒီစီမြို့တော်၊ Cosmos Club မှာ ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ ဆွေးနွေးပွဲတခု အတွင်း ဦးဆက်အောင်ကို ဗွီအိုအေက သီးသန့်တွေ့ဆုံမေးမြန်းခဲ့တာပါ။

ပထ၀ီနိုင်ငံရေး အမြင်ရှုထောင့်ကနေကြည့်ရင် မြန်မာလူထုနဲ့နီးစပ်ဖို့ တရုတ်နဲ့ဂျပန်အကြား အပြိုင်အဆိုင်လုပ်နေကြတယ်လို့ ဆိုကောင်းဆိုနိုင်ပေမဲ့ ချဉ်းကပ်ပုံတွေက အတော်လေး ကွာခြားတဲ့အကြောင်း၊ တရုတ်ဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးဖြစ်ပြီး ဂျပန်နဲ့ကျတော့ အိမ်နီးချင်းမဟုတ်သလို တရုတ်အတွက်တော့ မြန်မာဟာ မဟာဗျူဟာအရ ပိုပြီးအရေးပါပါတယ်လို့ သုံးသပ်သူ က ဂျပန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာအင်စတီကျူ၊ သုတေသနစီမံကိန်းဌာနက ညွှန်ကြားရေးမှူးချုပ် တို့ရှိဟိရို့ ကုဒို့ (Toshihiro Kudo) ပါ။ မြန်မာနိုင်ငံကနေ တရုတ်တို့က သဘာဝဓာတ်ငွေ့လို စွမ်းအင်ဝယ်တာမျိုးတွေ ရှိပေမဲ့လည်း ဂျပန်ကတော့ အဲဒီလို မဟုတ်ပါဘူးလို့ သူကပြောပါတယ်။

“မတူတာကတော့ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုလုပ်၊ စက်ရုံတွေ ဆောက်ပြီး မြန်မာလူထုကို အလုပ်ပေးပြီးတော့ အတူတကွလုပ်ကြပါတယ်။ ပြီးတော့ အဲဒီကုန်တွေကို ဂျပန်တို့၊ အမေရိကန်တို့ကို တင်ပို့ပါ တယ်။ ဆိုတော့ အကျိုးစီးပွားက အတော်လေးကွာပါတယ်။ တရုတ်က လုပ်တာလည်းရှိတယ်ဆိုပေမဲ့ အခုချိန်မှာ ဂျပန် ရဲ့ချဉ်းကပ်မှုက မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးနိုင်မယ်လို့ ကျနော်ထင်ပါ တယ်။ ကျနော်တို့ကြားမှာ တနည်းတလမ်းအားဖြင့် ပြိုင်နေတယ်ဆိုပေမဲ့လည်း ကျနော်တို့ချဉ်းကပ်ပုံက အတော်ကွာပါတယ်။”

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ ဂျပန်တို့အနေနဲ့ မြန်မာနိုင်ငံလို ဒီမိုကရေစီအပြောင်းအလဲလုပ်နေ တဲ့နိုင်ငံမျိုးတွေ အောင်မြင်မှုရရေး အကူအညီပေးရမယ့် တာဝန်ရှိတယ်လို့ ယုံကြည်ပြီး ဒါဟာ နိုင်ငံတကာရဲ့အကျိုးစီးပွားလည်း ဖြစ်ပါတယ်လို့ ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း အမေရိကန်ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် အငြိမ်းစား အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဒန်းနစ်စ် ဘလဲ (Dennis Blair) ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အခြေအနေတွေနဲ့ပတ်သက်လို့တော့ အကောင်းမြင်တဲ့ အားမလိုအားမရ ဖြစ်မှုမျိုး ခံစားရတယ်လို့ ဆွေးနွေးပွဲမှာပါဝင်သူတဦးကပြောသွားတာကို မစ္စတာဘလဲက ကိုးကားပြီး ပြောပါတယ်။

“သွားနေတဲ့ လမ်းကြောင်းတခုလုံးအပေါ်မှာ အကောင်းမြင်တယ်လို့ ပြောတာက မှန်ကန်တဲ့ပြောဆိုချက်ဖြစ်ပေမဲ့ အဲဒီမှာ အားမလို အားမရဖြစ်တာ ပါပါတယ်။ နောက်ပြန်ဆုတ်တဲ့ သီးခြားဖြစ်ရပ်တွေရှိပါတယ်၊ သွားနေတဲ့လမ်းကြောင်းကို ပြန်လှည့်ပြီး တော့ နည်းလမ်းဟောင်းတွေကို ပြန်သုံးချင်သူတွေလည်း မြန်မာပြည်မှာရှိနေပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ အကောင်း မြင်တဲ့အပိုင်းက အားမလိုအားမရဖြစ်တဲ့အပိုင်းထက် ပိုများတယ်လို့ ကျနော်ထင်ပါတယ်။”

လက်ရှိအခြေအနေပေါ် မချင့်မရဲဖြစ်သူတွေရှိသလို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဖြစ်ပျက်ခဲ့တာတွေ၊ တာဝန်ရှိသူတွေဘက်က တုန့်ပြန်ပြောဆိုချက်တွေကြောင့် စိုးရိမ်နေသူတွေနဲ့ ဝေဖန်ပြောဆိုတာတွေက ရှိထားတာပါ။ ရှေ့ဆက်သွားဖို့နဲ့ နောက်ကြောင်း ပြန်မလှည့်ဖို့ဆိုတာကို အတော်ကို စဉ်းစားပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်လို့ ပြောသူက သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးကပြောပါတယ်။

“ဒီစီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အဓိကကတော့ လောလောဆယ်မှာ ပြည်သူကြားမှာ သိသာမြင်သာရှိတဲ့ စီးပွားရေးရလဒ်တွေပေါ့နော် ဒီရလဒ်တွေ ရလာအောင်လုပ်ဖို့က အတော်ကြီးကို ကြိုးစားပြီး လုပ်နေရတဲ့အပိုင်းပါ။ သို့သော်လည်းပဲ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတဲ့ အခွင့်အလမ်းတွေအားလုံးကိုတော့ ပြုပြင်ပြောင်းလဲမှုအားလုံးက ဒါတွေအားလုံးကို ပိတ်လိုက်ပြီလို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ဒီပြုပြင်ပြောင်းလဲမှုတွေကြောင့်ပေါ့ သေချာသွားတာက ကျနော်တို့ စီးပွားရေးနဲ့ ကျနော်တို့ရဲ့ လူမှုရေးတွေပေါ့။ အထူးသဖြင့် ကျန်းမာရေးတို့၊ ပညာရေးတို့ဟာ နောက်ကြောင်းပြန်သွားဖို့ အတော်ခက်သွားပါပြီ။”

ဗုဒ္ဓဟူးနေ့ကဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်က် မစ်ချဲလ် (Derek Mitchell) တို့အပါအ၀င် တရုတ်နဲ့ ကိုရီးယား သံရုံးတို့က တာဝန်ရှိသူတွေ၊ အမေရိကန်အခြေစိုက် အဖွဲ့အစည်းအသီးသီးက စိတ်ဝင်စားသူတွေ စသည်အားဖြင့် လူ ၈၀ လောက် တက်ရောက်ပါတယ်။

XS
SM
MD
LG