သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ကို တိုက်ခိုက်မှုအပေါ်ဆော်ဒီလေသံပြောင်း


ယီမင်မှာ ဗုံးကျဲတိုက်ခိုက်ခံရတဲ့နေရာ။ (သြဂုတ် ၁၀၊ ၂၀၁၈)
ယီမင်မှာ ဗုံးကျဲတိုက်ခိုက်ခံရတဲ့နေရာ။ (သြဂုတ် ၁၀၊ ၂၀၁၈)

ယီမင်နိုင်ငံမှာ ကလေးငယ်အများအပြားအပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးရတဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို စုံစမ်း စစ်ဆေးမယ်လို့ ဆော်ဒီဦးဆောင်တဲ့ အာရပ်ဘ် စစ်ဘက်ညွန့်ပေါင်းအဖွဲ့က သောကြာနေ့မှာပြောပါတယ်။ အစောပိုင်းတုန်းက တော့ တိုက်ခိုက်မှုကို ခုခံကာကွယ်ပြီး “ဥပဒေနဲ့ညီညွတ်တဲ့ စစ်ရေးလုပ်ဆောင်မှု” လို့ ပြောထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆို တာအပါအဝင် နိုင်ငံတကာက ဝေဖန်ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပြီးတဲ့နောက် အခုလို ပြောင်းလဲ ပြောဆိုလာ တာပါ။

ယီမင်နိုင်ငံမြောက်ပိုင်းမှာ ကြာသပတေးနေ့က တိုက်ခိုက်မှုအတွင်း ကလေးငယ် အယောက် ၄၀ ထက်မနည်း သေဆုံးတယ်လို့ ယီမင်က ဟူသီသူပုန်တွေကပြောပါတယ်။ ဒုံးကျည်တစင်းဟာ နွေရာသီကာလဖွင့်တဲ့ ကျောင်းတကျောင်းက ကျောင်းသားလေး တွေ အပန်းဖြေခရီးကအပြန် စီးလာတဲ့ဘတ်စ်ကားကို မှန်သွားတယ်လို့ ဟူသီသူပုန်တွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၇၇ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်ကို စစ်ဘက်ညွန့်ပေါင်းအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးဌာနကကိုင်တွယ်ဖို့ လွှဲပြောင်းထားတယ်လို့ အမေရိကန်ပြည်ထောင်စု ဆိုင်ရာ ဆော်ဒီသံရုံး ပြောခွင့်ရ Fatimah Baeshen က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ဆော်ဒီက ဟူသီသူပုန်တွေကို အီရန်က ကျောထောက်နောက်ခံပေးထားပြီး သူတို့ကိုတိုက်ခိုက်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ စစ်ဘက်ညွန့်ပေါင်းအဖွဲ့ကိုတော့ အမေရိကန်က ထောက်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG