သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အဖွဲ့ ချိတ်ဆက်သံသယနဲ့ လူ ၄၀၀ ဆော်ဒီဖမ်း


IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ မသင်္ကာသူတွေအဖြစ် ဆော်ဒီလူမျိုးအများစုဖြစ်တဲ့ လူ ၄၀၀ ကျော်ကို စနေနေ့က ဆော်ဒီ အာရေးဗီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဒီဖမ်းဆီးမှုဟာဆိုရင် ဗလီဝတ်ကျောင်းတွေ၊ သံတမန်လုပ်ငန်း၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရှာရူရာ (Sharurah) ပြည်နယ်မှာရှိတဲ့ အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်မယ့် IS အဖွဲ့ရဲ့ အစီအစဉ်တွေကို ဟန့်တားဖို့ကြိုးပမ်းတဲ့ စစ်ဆင်ရေးကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီးရဲ့ ကြေညာချက်ကို ဆော်ဒီအစိုးရပိုင် SPA သတင်းဌာနက ဖော်ပြခဲ့တာပါ။

အီရတ်နိုင်ငံ အရှေ့ပိုင်း ဒီယာလာ (Diyala) ပြည်နယ်က လူစည်ကားရာ ဈေးတခုမှာ IS စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁၅ ယောက် သေဆုံးခဲ့အပြီး နောက်တရက်မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မနေ့က ဖမ်းဆီးလိုက်တဲ့သူတွေဟာ ဆော်ဒီနိုင်ငံရဲ့ ရေနံကြွယ်ဝရာ အရှေ့ဘက်ဒေသက ရှီယာ မူဆလင်တွေရဲ့ ဗလီဝတ်ကျောင်းတွေမှာ မေလထဲတုန်းက လူ ၂၅ ယောက် သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲမှု ၂ ခုကို ကျုးလွန်ခဲ့သူတွေဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

ဇွန်လထဲမှာတုန်းကလည်း တခြားလူတော်တော်များများက အကူအညီတွေ ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ဆော်ဒီနိုင်ငံသားတဦးကနေ ရှီယာဗလီတခုမှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာကြောင့် ဝတ်ပြုနေသူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။

အလားတူပဲ ဆော်ဒီအာရေးဘီးယားနိုင်ငံ အရှေ့ပိုင်းက အယ်လ် အာဆာ (al-Ahsa) ရွာမှာ ဝတ်ပြုဆုတောင်းသူ ၈ ဦး သေဆုံးခဲ့ရတဲ့ နိုဝင်ဘာလ ပစ်ခတ်မှုဟာလည်း အခုဖမ်းဆီးလိုက်သူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အစိုးရက စွပ်စွဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားတဲ့ IS စစ်သွေးကြွအဖွဲ့ကတော့ ရှီယာဒိဌိတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ဆော်ဒီအာရေးဘီးယားနဲ့ ဆွန်နီမူဆလင် ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံတွေက ဆီးရီးယားမှာ IS စစ်သွေးကြွတွေအပေါ် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေမှာ ပူးပေါင်းခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးကြောင့် ဆော်ဒီနိုင်ငံတွင်းမှာ IS အဖွဲ့ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

XS
SM
MD
LG