သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Saudi Arabia ပြုပြင်ရေးလား အာဏာလုပွဲလား


 အိမ်ရှေ ့မင်းသား Mohammed bin Salman
အိမ်ရှေ ့မင်းသား Mohammed bin Salman

ဆော်ဒီအာရေးဗျ နိုင်ငံမှာ အိမ်ရှေ ့မင်းသား Mohammed bin Salman ဦးဆောင်တဲ့ အဂတိနှိမ်နင်းရေးလုပ်ရပ်ဟာ တောဝင်မိသားစုတွေ ကိုပစ်မှတ်ထားပြီး တစတစကျယ်ပြန့်လာနေပါတယ်။ အရှေ့အလယ်ပိုင်းဒေသက အချမ်းသာဆုံးနဲ့ အာဏာရှိသူတချို့လဲပါဝင်ပတ်သက်လာနေပါတယ်။ ဒီကိစ္စဟာ စီးပွါးရေးသာမက နိုင်ငံရေးပြဿနာလဲဖြစ်တယ်လို့ သုံးသပ်မှုတွေလဲရှိနေပါတယ်။ VOA သတင်းထောက် Henry Ridgwell ရဲ့သတင်းလွှာကိုအခြေခံပြီး ဦးကျော်ဇံသာက ပြောပြမှာပါ။

ပြီးခဲ့တဲ့ ရက်သတ္တ ၂ ပတ်ကျော်လောက်ကမှ သံတမန်တွေ ရင်းနှီးမြှုပ်နှံသူတွေ ဟာ ရီယာဒ် မြို့တော် Ritz Carlton ဟိုတယ်မှာစုရုံးပြီး ဆော်ဒီအိမ်ရှေ့စံ ရဲ့ ဒေါ်လာ ဘီလျံ ၅၀၀ တန်မြို့သစ်ကြီး တည်ဆောက်ရေး စီမံကိန်းကို နားထောင်ခဲ့ကြပါသေးတယ်။ ရေနံကလမ်းခွဲပြီးပြန်ပြည့်မြဲ စွမ်းအင်သက်သက်နဲ့ လည်ပတ်မယ့် စီမံကိန်းကြီးတရပ်ဖြစ်ပါတယ်။

ဒီအပတ် အစောပိုင်းမှာတော့ အဲဒီဟိုတယ် ကွန်ဖရင့်ခမ်းမထဲမှာ တော်ဝင်မိသားစုဝင်တွေ စီးပွါးရေးသမားတွေ အပါအဝင် လူပေါင်းတဒါဇင်ကျော်ကို ဖမ်းဆီးပိတ်လှောင်ထားတဲ့ လျှို့ဝှက်ဗီဒီယို ပေါ်ထွက်လာခဲ့ပါတယ်။

ဒီလုပ်ရပ်ကို လူတွေထောက်ခံကြလိမ့်မယ်လို့ အိမ်ရှေ့မင်းသား Mohammed bin Salman က တွက်ထားပုံ ရတယ်လို့ Chanthan House သုတေသနအုပ်စုက ပင်လယ်ကွေ့ရေးရာသုံးသပ်သူ Jane Kinninmont ကဆိုပါတယ်။

“ တော်ဝင်မိသားစုဝင်တွေနဲ့ သူတို့ရဲ့မဟာမိတ်တွေကို လူသိရှင်ကြားအရှက်ခွဲဖို့အတွက် သူတို့ရဲ့ လုပ်ရပ်မှားတွေဆိုပြီး မီဒီယာတွေမှာဖေါ်ပြတာဟာ နိုင်ငံရေးပုံစံသစ်ဖြစ်ပါတယ်။ အိမ်ရှေ့မင်းသား Mohammed bin Salman ကတော့ ဒီလုပ်ရပ်ကို လူတွေထောက်ခံကြလိမ့်မယ်လို့ တွက်ထားပုံရပါတယ်။"

အဖမ်းခံရသူတွေထဲမှာ ကမ္ဘာ့အချမ်းသာဆုံးသူတဦးဖြစ်တဲ့ မင်းသား Alwaleed bin Talal လဲ ပါဝင်ပါ တယ်။ သူဟာ twitter,Apple, Citygroup တို့လို ဒိပ်ဒိပ်ကျဲ ကော်ပိုရေးရှင်းကြီးတွေမှာ အစု ရှယ်ယာတွေ ထည့်ဝင်ထားပြီး စီးပွါးရေးလုပ်ဖော်ကောင်းတယောက်လို့မှတ်ယူခြင်းခံရသူ ဖြစ်ပါတယ် ဒါကြောင့် အခုဖြစ်ရပ်ဟာ အနောက်တိုင်းစီးပွါးရေးလောကကို တောင်ဂယက်ရိုက်ခတ်လာနိုင်ပါတယ်။

ဒီအစီအစဉ်ဟာ ဘယ်လောက်ထိနောက်ကြောင်းပြန်သွားမလဲဆိုတာလဲ ဆိုတာလဲမေးစရာပါ။ ဗြိတိန်ကာကွယ်ရေးလုပ်ငန်းကုမ္ပဏီ BAE ဟာ ၂၀၁၀ တုန်းက ဒေါ်လာ သန်းပေါင်းသောင်းနဲ့ချီတဲ့ ဂျက်တိုက်လေယာဉ် အရောင်းအဝယ် မသမာမှုမှာပါဝင်ခဲ့ပေမဲ့ ဒီအမှုကို ဗြီတိန်-ဆော်ဒီ ၂ ဖက်နိုင်ငံရေးဖိအား နဲ့ ဒီအမှုကို ဖုံးဖိဖောက်ဖျက်ထားခဲ့ကြတာပါ။

လူအများအပြားကတော့ ဒီအပုပ်ချပွဲဟာ အသက် ၃၂ နှစ်အရွယ် အိမ်ရှေ ့မင်းသားရဲ့ အာဏာ ချုပ်ကိုင်ရေး အားထုတ်မှုအဖြစ် ရှုမြင်ကြပါတယ်။ အခုရာထူးဖြုတ်အဖမ်းခံရတဲ့ အထဲမှာ ယခင် နိုင်ငံစောင့်တပ် အကြီးအကဲဟောင်းမင်းသား Miteb bin Abdullah လဲပါဝင်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လုံခြုံရေးသုံးသပ်သူ Graham Griffiths က အခုလို ဆိုပါတယ်။

“ Mohammed bin Salman ဟာ ပထမ ကာကွယ်ရေးဝန်ကြီးရာထူးကိုယူတယ်၊ နောက် အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးနဲ့ ထောက်လှမ်းရေးကို သူ့လက်အောက် သိမ်းသွင်းတယ်။ ဆိုတော့ အခု နိုင်ငံစောင့်တပ်ရဲ့ အကြီးအကဲရာထူးကို ရယူလိုက်တာဟာ နောက်ဆုံးကျန်နေတဲ့ အာဏာတရပ်ကို ဆုပ်ကိုင်လိုက်ခြင်းပဲဖြစ်တယ်” -လို့ လုံခြုံရေးသုံးသပ်သူ Graham Griffiths က ဆိုပါတယ်။

Bin Salman ဟာ အခုလို နှိပ်ကွပ်မှုတွေလုပ်တာဟာ သူ့ရဲ့ ၂၀၃၀ ပြည့် ရည်မှန်းချက်လို့ခေါ်တဲ့ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှု တစိတ်တဒေသအနေနဲ့ ဆိုပြီး လုပ်နေတာဖြစ်ပါတယ်။ ၂၀၁၇ နှစ် ရေနံဈေး ကျဆင်းခဲ့တဲ့အတွက် ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဘတ်ဂျက်ဟာ ဒေါ်လာ ၅၂ ဘီလီယံ လိုငွေပြခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၈% ဖြစ်ပါတယ်။ ဒါ့အပြင် တော်ဝင်မိသားစုတွေအတွက် ကုန်ကျစရိတ်တွေ ၊ နိုင်ငံတော် အဆောင်အယောင်တွေအတွက် ဆက်လက်ပြီး ဖောဖောသီသီမသုံးနိုင်တော့ပါဘူး။

လက်ဘနွမ် အခြေစိုက် စီးပွားရေးပညာရှင် Ghazi WAzni က အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဆော်ဒီမင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အားပျော့လာတဲ့အတွက် အပြောင်းအလဲတွေလုပ်ဖို့ ကြိုးစားလာပါတယ်။ ရေနံကိုပဲ မှီခိုနေရတဲ့အဖြစ်က ရင်းနှီးမြှုပ်နှံမှု အခြေပြု စီးပွားရေးဖြစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုစီးပွားရေးစနစ်အတွက် အရေးကြီးတဲ့မူတွေကတော့ ပွင့်လင်းမြင်သာမှုရှိရေး၊ ရှင်းလင်းပြတ်သားရေး၊ အုပ်ချုုပ်မှုစနစ် ကောင်းမွန်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ပဲဖြစ်ပါတယ်”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခု အဂတိမှု တိုက်ဖျက်ရေးလုပ်ရပ်ဟာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းထားပါတယ်။ သမ္မတ ထရမ့်ကတော့ ခြစားပျက်စီးတဲ့အရာရှိတွေဟာ တိုင်းပြည်ကို သူတို့အကျိုးအတွက် နှစ်ပေါင်းများစွာ အသုံးချနေကြသူတွေဖြစ်တယ်လို့ ဆိုပြီး ဆော်ဒီ အိမ်ရှေ့မင်းသားကို ချီးကျူးရင်း သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သုံးသပ်သူ Jane Kinninmont ကတော့

“အိမ်ရှေ့မင်းသား Bin Salman ဟာ စီးပွားရေးကို အဓိက ထားသူ၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်သူ၊ ဆော်ဒီအာရေဗျကို ခေတ်သစ် ကမ္ဘာကြီးဆီ ပို့ဆောင်မယ့်သူလို့ အထင်ခံရသူဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာ ကြိုတင်မခန့်မှန်းနိုင်တဲ့ အခြေအနေဖြစ်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံခြားရေးနဲ့ စစ်ဘက် တာဝန်ရှိသူတွေအဖို့ စိုးရိမ်စရာ အများအပြား ရှိနေမှာဖြစ်ပါတယ်။”

ဒီမရေရာတဲ့အခြေအနေဟာ ဒေသတခုလုံးနဲ့လည်း ပတ်သက်နေပါတယ်။ ဆူနီ ဦးဆောင်တဲ့ ဆော်ဒီ အာရေးဗျဟာ ယေမင်နိုင်ငံမှာ Shi’ite ဟူသီသူပုန်တွေနဲ့ ဆက်လက်တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုကလည်း အီရန်နဲ့ချုပ်ဆိုထားတဲ့နျူကလီယား သဘောတူညီချက်ကို ဆက်လက် အတည်ပြုမပြုဆိုတာ မရေမရာ ဖြစ်နေပါတယ်။ သုံးသပ်သူတွေကတော့ အီရန်နဲ့ ဆော်ဒီအာရေးဗျ နှစ်နိုင်ငံအတွင်း မတည်ငြိမ်မှုဟာ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို ပိုမို ကြီးထွားလာလိမ့်မယ်လို့ ခန့်မှန်းနေကြကြောင်းပါ။

Saudi Arabia ပြုပြင်ရေးလား အာဏာလုပွဲလား
please wait

No media source currently available

0:00 0:04:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG