သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီဘုရင် အီဂျစ်လွှတ်တော်မှာ မိန့်ခွန်းပြောကြား


ဆော်ဒီအာရေးဗီးယားဘုရင် နှင့် အီဂျစ်သမ္မတ တွေ့ဆုံစဉ်
ဆော်ဒီအာရေးဗီးယားဘုရင် နှင့် အီဂျစ်သမ္မတ တွေ့ဆုံစဉ်

ဆော်ဒီအာရေးဗီးယားဘုရင်ဟာ အီဂျစ်နိုင်ငံလွှတ်တော်မှာ တနင်္ဂနွေနေ့က မိန့်ခွန်း ပြောကြားခဲ့တာမှာ နှစ်နိုင်ငံအကြား ပင်လယ်နီကို ဖြတ်ပြီး ဆက်သွယ်ပေးမယ့် တံတားတခု တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

၆ မိနစ်ကြာတဲ့ သူ့ရဲ့ မိန့်ခွန်းအတွင်း အာရပ်တိုင်းပြည်တွေအနေနဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေကို ပူးတွဲ တိုက်ဖျက်ကြဖို့ လိုအပ်ကြောင်းနဲ့ ညီညွတ်သောအာရပ်နိုင်ငံများ တပ်ဖွဲ့ တဖွဲ့ ပေါ်လာရေးအတွက် တူညီတဲ့ အမြင်တရပ်ရအောင် လုပ်ဆောင်ဖို့ ဆော်ဒီဘုရင် Salman က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အာရပ်နိုင်ငံတွေ အတူတကွ ပူးပေါင်း ဆောင်ရွက်ရမယ့် အစီအစဉ်ဟာ အာရပ်ကမ္ဘာအတွက် ဆိုးကျိုးတွေ သက်ရောက်စေတဲ့ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒတွေကို တိုက်ဖျက်ဖို့ ဆော်ဒီဘုရင်က ပြောပါတယ်။

ဒီပြဿနာကို ချေမှုန်းရေးအတွက် လက်တွေ့ကျတဲ့ အဖြေရအောင် အာရပ်ကမ္ဘာရဲ့ ရပ်တည်ချက်နဲ့ အမြင်တွေ တူညီရေးဟာ သိပ်ကို အရေးပါကြောင်း ဆော်ဒီအာရေးဗီးယားက သဘောပေါက်ခဲ့ကြောင်းနဲ့ အစ္စလာမ် စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့ပြီး ဒီအကြမ်းဖက်ဝါဒ သဘောတရားရေးရာကို မီဒီယာကနေတဆင့် တိုက်ဖျက်ဖို့၊ ငွေကြေးအရရော စစ်ရေးအရပါ ချေမှုန်းဖို့ အတူတကွ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဆော်ဒီဘုရင်က ပြောပါတယ်။

ဒီခရီးစဉ်အတွင်း ဆော်ဒီနဲ့ အီဂျစ်ခေါင်းဆောင်တွေဟာ Tiran ရေလက်ကြားမှာရှိတဲ့ လူမနေတဲ့ ကျွန်း ၂ ခုကို ဆော်ဒီကို တရားဝင် ထိန်းချုပ်ခွင့်ပြုတဲ့ သဘောတူညီချက် အပါအဝင် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဆော်ဒီဘာရေးဗီးယားဟာ အီဂျစ်နိုင်ငံကို အမြဲတမ်း အဓိက ကျောထောက် နောက်ခံပေးလာတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အီဂျစ်သမ္မတဟောင်း Mohammad Morsi ကို စစ်တပ်က ရာထူးက ဖြုတ်ချလိုက်ပြီးတဲ့နောက် ထောက်ပံ့မှုတွေ တိုးမြင့်ခဲ့ပါတယ်။

XS
SM
MD
LG