သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် က သံအမတ်ကြီးကို ကူဝိတ်ပြန်ခေါ်


အီရန်နိုင်ငံမြို့တော်က ဆော်ဒီသံရုံးကို ဆန္ဒပြနေသူတွေ
အီရန်နိုင်ငံမြို့တော်က ဆော်ဒီသံရုံးကို ဆန္ဒပြနေသူတွေ

ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ မဟာမိတ်တွေနဲ့အတူ ကူဝိတ်နိုင်ငံကလည်း အီရန်နဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပါတယ်။ အထင်ကရ Shi’ite ဘာသာရေးခေါင်းဆောင် တဦးကို ဆော်ဒီအာရေးဗီးယားက ကွက်မျက်လိုက်တာကြောင့် အီရန်နိုင်ငံမြို့တော် တီဟီရန်က ဆော်ဒီသံရုံးကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေကဝင်ရောက် စီးနင်း ခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ ခုလို အီရန်နဲ့ဆက်ဆံရေး ဖြတ်တောက်လိုက်ကြတာပါ။

တီဟီရန်မှာရှိတဲ့ ကူဝိတ်သံအမတ်ကြီးကို ဒီကနေ့မှာ ပြန်လည်ခေါ်ယူ လိုက်တဲ့အကြောင်းနဲ့ ဆော်ဒီအစိုးရရဲ့ လုံခြုံရေးအရ ဆောင်ရွက်မှုအားလုံးကို ကူဝိတ်နိုင်ငံအနေနဲ့ ထောက်ခံတဲ့အကြောင်း ကူဝိတ်အစိုးရပိုင် KUNA သတင်းဌာနက ကြေညာသွားပါတယ်။ ဆော်ဒီအာရေးဗီးယား၊ ဘာရိန်းနဲ့ ဆူဒန်နိုင်ငံတွေက အီရန်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီးတဲ့နောက် ကူဝိတ်နိုင်ငံကလည်း ခုလို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု UAE ကလည်း အီရန်နဲ့ ဆက်ဆံရေးကို တဆင့်နှိမ့်ထား ပါတယ်။ ဒီလေးနိုင်ငံစလုံးဟာ အာရပ် အဖွဲ့ချုပ်ဝင် နိုင်ငံတွေဖြစ်ပါတယ်။ ဆော်ဒီနဲ့ အီရန်အကြား လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အာရပ်အဖွဲ့ချုပ်က လာမယ့် တနင်္ဂနွေနေ့မှာ အထူးအစည်းအဝေးတရပ် ကျင်းပဖို့ ရှိနေတာပါ။

အီရန်သမ္မတ Hassan Rouhani ကတော့ ဆော်ဒီအာရေးဗီးယားရဲ့ ဆက်ဆံရေး ဖြတ်တောက်မှုကို ဝေဖန်ထားပြီး ခုလို လုပ်ဆောင်ပြီးတော့ ဘာသာရေးခေါင်းဆောင် Sheikh Nimr al-Nimr ကို ကွပ်မျက်လိုက်တဲ့ ဆော်ဒီရဲ့ပြစ်မှုကို ဖုံးကွယ်လို့မရနိုင်ဘူးလို့လည်း ပြောဆို ထားပါတယ်။ Sheikh Nimr al-Nimr နဲ့အတူ အကြမ်းဖက်မှုနဲ့ဆက်စပ်တဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသား ၄၆ ယောက်ကို ဆော်ဒီအစိုးရက ဇန်နဝါရီလ ၂ ရက်နေ့မှာ ကွပ်မျက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG